အားနည်းချက်ကို ပြုပြင်ပြီး အားသာချက် ဖြစ်လာအောင် DKBA ပြင်ဆင်

အားနည်းချက်ကို ပြုပြင်ပြီး အားသာချက် ဖြစ်လာအောင် DKBA ပြင်ဆင်
by -
ရွှေဟင်္သာ

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA) မှ ကြီးမှူးသော ဇွန်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ ကျင်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှော ဖလှယ်ပွဲကြီးသည် အောင်မြင်မှု များစွာဖြင့် ပြီးဆုံး သွားသည်ဟု ပြောခွင့် ရသူ ဗိုလ်မှူးကြီး ဆန်းအောင်က ဆိုပါသည်။

ဤဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသား အရေးနှင့် စုစည်း ညီညွတ်ရေး အတွက် လိုအပ်ချက်၏ ဆုံရပ်အဖြစ် တစိတ် တဒေသ အကျိုးရှိသည်ဟု ယုံကြည်ကြကြောင်း ဆိုပါသည်။ ဤသို့ကြောင့် နောက်နောင် ကျင်းပသည့် အခါ ယခုထက် ပိုမိုကောင်းမွန်ပြီး ထိရောက်သော အစီအစဉ်များ ဖြစ်လာရန် လိုအပ်လှသဖြင့် ကျင်းပ ပြီးစီးသွားသည့် ဆွေးနွေးပွဲ၏ အားနည်းချက် နားသာချက်များကို အမြင်ဖလှယ်ရန် လိုအပ်လာပါသည်။

phophtaw192

DKBA သည် အမြင်ဖလှယ်ပွဲ၏ ကိစ္စ အဝဝကို တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့ တာဝန်ယူခဲ့ရသဖြင့် အားနည်းချက် အားသာချက်များ မည်သို့ ရင်ဆိုင် ခဲ့ပါသနည်း။ ဤမေးခွန်းနှင့် ပါတ်သက်ပြီး ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်းအောင်အား ဆက်သွယ် မေးမြန်းခဲ့ပါသည်။

“ အားနည်းချက်ကတော့လမ်းပန်း ဆက်သွယ်ရေးကသိပ်မကောင်းတော့ မြို့ပေါ်မှာလည်း မဟုတ်တော့သွားလာရတာ ချောချောမွေ့မွေ့ တော့ မရှိဘူးပေါ့။ဖိတ်ကြားမှု အပိုင်းမှာတော့မီဒီယာကနေ ဖိတ်ကြားတာ၊ မဟာမိတ်တွေထဲက အဆင့်ဆင့် ဖိတ်ကြားတာမျိုးဘဲ ရှိပါတယ်။ လိပ်မူပြီးတော့ တိုက်ရိုက် ဖိတ်ကြားတာမျိုးမှာ အားနည်း သွားတဲ့ အတွက် တချို့ မဟာမိတ် အဖွဲ့တွေ လာရတာ အခက်အခဲဖြစ်သွားတာမျိုး ရှိခဲ့ပါတယ်။ အဲဒါလည်းဘဲ တချို့အဖွဲ့တွေနဲ့ တိုက်ရိုက် အဆက်အသွယ် မရှိတာလည်း ပါပါတယ်။  ကျန်တာကတော့ အားနည်းချက် မရှိပါဘူး။ ကျွေးမွေးတဲ့ အပိုင်းမှာလည်း လိုတာမရှိပါဘူး။ ပိုတာပဲရှိပါတယ်။

 မေး။     ။အမြင်ဖလှယ်ပွဲ ဖိတ်တဲ့ ပုံမျိုးကတော့ အစီအစဉ်တွေကို ကြိုတင်ညှိနှိုင်းတဲ့ အနေအထားမျိုး မရှိခဲ့တော့ ဆွေးနွေးပွဲမှာ တင်ပြတဲ့အခါ ကမောက်ကမဖြစ်မနေဘူးလား။

“ အဲဒီလိုတော့ မဖြစ်ပါဘူး။ ကျနော်တို့ ကိုယ်စလှယ်ကြီးတွေဟာ ၁၄ ရက်နေ့ ညနေလောက်မှာ အားလုံးက စုံစုံညီညီ ရောက်ခဲ့ကြပါတယ်။ အဖွဲ့လိုက် ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ ကျနော်တို့ ညပိုင်းမှာတော့ ကြိုတင်ပြီး ဘယ်ကဏ္ဍတွေ ဆွေးနွေးကြမလဲ ဆိုတာ အလွတ်သဘောနဲ့ သဘောထား အမြင်တွေ နှီးနှောဖလှယ်မယ်လို့ ပြောခဲ့ကြတယ်။ အခုတက်လာကြတဲ့ လူတွေထဲမှာ လူမှုအဖွဲ့အစည်းတွေ တစ်ချို့ဆိုရင်ပညာရှင် အသိုင်းအဝိုင်း၊ပါတီနိုင်ငံရေး အဖွဲ့၊တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့၊ကဏ္ဍပေါင်းစုံ ပါတဲ့ အခါကျတော့ ကျနော်တို့ ဘယ်လိုမျိုး ဆွေးနွေးကြမလဲ ဘယ် (Agenda) နဲ့ သွားကြမယ်ဆိုတာ  ကြိိုတင်ညှိနှိုင်းပြီး Agenda ကို အရှင်ပေါ့ အသေမဟုတ်ပဲနဲ့ နောက်ထပ် ကိုယ်စားလှယ်တွေ ရောက်လာရင်လည်း သူတို့အတွက် အဆင်ပြေအောင် နောက်တစ်ခါ ဆွေးနွေးတင်ပြတဲ့အခါ ဘယ်အချက် ကိုဆွေးနွေးရင် ကောင်းမလဲဆိုတာကို  Agenda အရှင်နဲ့ လုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာတော့ ဘာမှကမှောက်ကမ မှ မရှိခဲ့ပါဘူး။ အချိန်ပိုရမယ် ဆိုရင် ပိုပြီး ရက်ကြာကြာ လုပ်ချင်ပါတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားအရ  တက်ရောက် လာတဲ့ ကိုယ်စားလှယ်တွေမှာလည်း အချိန်မပေးနိုင်တဲ့ အနေအထားမှာ ရှိတယ်။ ကျန်တဲ့ဟာတော့ ဘာမှ ကမောက်ကမ မရှိပါဘူး။

မေး။   ။ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ဖို့ ၁၇ ဦး အဖွဲ့ကို ဖွဲ့လိုက်ပြီးဆိုတော့ လက်တွေ့ အကောင်အထည် ဖော်ဖို့ ဘာအခက်အခဲများ ရှိလာနိုင်မလဲ။

“ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေမှာ အချိန်မပေးနိုင်တာတို့ တစ်ရက်လောက်ပဲတက်ပြီး သဘောထားတွေကို တင်ပြပြီး ပြန်ခါနီးမှာ ဆုံးဖြတ်ချက်တွေအတိုင်း လုပ်ငန်းစဉ်တွေမှာ သူတို့ကို တာဝန်ပေးနိုင်ပါတယ်။ ပူပေါင်းဆောင်ရွက်နိုင် ပါတယ် ဆိုပြီး ပြောပြီးတော့ အချိန်မပေးနိုင်ဘူးဆိုပြီး ပြန်သွားတဲ့ အဖွဲ့လည်း ရှိပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲ ၃ ရက်စလုံး ဆွေးနွေးတင်ပြခဲ့တဲ့ လူမှုရေးအဖွဲ့၊ ရပ်မိရပ်ဖအဖွဲ့၊ ပါတီနိုင်ငံရေး၊ လွတ်တော် အဖွဲ့၊ ပြည်ပနိုင်ငံရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေက အဓိက အရေးကြီးတဲ့ ဆုံးဖြတ်ချက် တွေကို ချမှတ်နိုင်ခဲ့ပြီး ကြေညာချက် ထုတ် ပြန်နိုင်ခဲ့တယ်။ ဒီ ၈ ချက်ကို အတတ်နိုင်ဆုံး ဘယ်လို အကောင်အထည် ဖော်ကြမလဲဆိုတာ အဲဒီအတွက် ကိုယ်လုပ် နေတဲ့ ကဏ္ဍ ကနေပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်အလိုုက် ဆောင်ရွက်သွားနိုင်ဖို့ အလုပ်အဖွဲ့တွေ ဖွဲ့ပြီး ကိုယ်စားလှယ် လေးတွေ ရွေးကောက် ထားပါတယ်။ဘယ်လောက်အထိ အကောင်အထည်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရဦး မှာပါ။

မေး။   ။ အမြင်ဖလှယ်ပွဲ ကို DKBA က ကျင်းပနိုင်ခဲ့တဲ့ အပေါ်ဘယ်လို အဖွဲ့အစည်းတွေက ဘယ်လို ဝေဖန်ပြောကြား ခဲဲ့တာမျိုး ရှိသလဲ။

“တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ ဟိုး ၁၉၇၅ ခုနှစ်ကတည်းက နိုင်ငံရေး လှုပ်ရှားလာခဲ့တဲ့ ပုဂ္ဂိုလ် ၂ ဦး လည်း တက်ရောက်တယ်။ ပုဂ္ဂိုလ်၂ ဦးရဲ့စကားက ဒီကျနော်တို့ရဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ၁၉၇၄ ခုနှစ်တုန်းက တည်း က တက်ရောက်ခဲ့တဲ့ ပွဲပေါင်းက စုံပါပြီး။ မရည်တွက်နိုင်တော့ ပါဘူးတဲ့။ ဒါပေမဲ့ အခုတောထဲမှာ ကျင်းပခဲ့တဲ့ ဒီလို အခမ်း အနားမျိုးဟာ မထင်မှတ်တဲ့ ဟိုထယ်ကြီး တစ်ခုထဲက ကျင်းပတာမျိုး ခံစားရပြီးတော့  မျိုးစုံလှတဲ့ ဘဝတူ လူတန်းစားများ ပေါင်းစည်း မိသွားသလို  ခံစားရတယ်လို့ ပြောသွားပါတယ်။ ဒါကိုကြည့်ရင်တော့ အကောင်းဖက်ကို မြင်နေကြပါတယ်။ အဆိုးဖက်ကိုတော့ လောလောဆယ် ဘာမှ မကြားသေးပါဘူး”

မေး။   ။ တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေက  DKBA ကို ဘယ်လို အဖွဲ့အစည်းမျိုးလို့ ရှုမြင်ကြပါသလဲ

တကယ်တော့ ကျနော်တို့ဟာ ရေရှည်သွားရမယ့် လုပ်ငန်းစဉ်တွေ၊ ကျနော်တို့ရဲ့ဘဝတွေ နဲ့ နောက်မျိုးဆက် တွေအတွက် ဘယ်လို လုပ်ကြမလဲဆိုတာကို ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့လို့ အခြေအနေက ကမန်းကတမ်း စီစဉ်ရတာမျိုး ဖြစ် သွားပါတယ်။ ဒါကြောင့် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဆိုပြီးတော့ စလုပ်လိုက်ရပါတယ်။ ကျနော်တို့ တပ်လိုက်တဲ့ ခေါင်းစဉ်အပေါ် DKBA ကို ယုံကြည်လို့ အခုကျင်းပတဲ့ အစည်းအဝေးကို တက်ရောက် လာကြတာ ဖြစ်ပါတယ်။ မလာနိုင်တဲ့ လူတွေကလည်း DKBA ကို မယုံကြည် လို့တော့ မဟုတ်ဘူး ၊ လုပ်နည်းလုပ်ဟန်နဲ့ ဖိတ်ကြားမှု တချို့ အားနည်း သွားတာမျိုး ရှိသလို၊ ဆိုင်ရာ အဖွဲ့ အစည်းတွေ မအားတာလည်း ရှိနေနိုင်ပါတယ်။ တချို့အဖွဲ့အ စည်းတွေဆိုရင် မတက်ရောက်နိုင်သေးတဲ့ အကြောင်း  အကြောင်းကြားစာတွေ ပို့လာတာ ရှိပါတယ်။ သူတို့စာတွေ ကိုလည်း  နှီးနှောဖလှယ်ပွဲကြီးမှာ ဖတ်ကြားပေးခဲ့ပါတယ်။

မေး။   ။ DKBA ရဲ့ အခု ကျင်းပသွားခဲ့တဲ့ နှီးနှောဖလှယ်ပွဲ လုပ်ရပ်မျိုးကို အစိုးရ အဖွဲ့ကရော ထောက်ခံတာ မျိုးရှိပါ သလား။

“ထောက်ခံတာ မထောက်ခံတာတော့ မသိဘူး။ နှီးနှေးဖလှယ်ပွဲထဲကို လွတ်တော် ကိုယ်စားလှယ် အဖွဲ့တွေ ပါတယ်။ ပြီးတော့ မြို့နယ် စည်ပင် သာယာရေး အဖွဲ့တွေ ပါတယ်။ နိုင်ငံရေး အရကတော့ ယခုအထိ ဘာမှပြောသံ မကြားသေး ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ဖက်ကလည်း ဆုံးဖြတ်ချက်တွေကို ပြည်နယ် အစိုးရထံကို တင်ပြပြီးမှ အကောင် အထည် ဖေါ်သွားမှာဆိုတော့ ပြေလည်မှာပါ။”

မေး။   ။ ဆွေးနွေးပွဲရဲ့ နောက်ထပ် အားသာချက်တွေ ဘာများ တွေ့မြင်ထားတာ ရှိသေးလဲ။

“ အားသာချက်ကတော့ ကျနော်တို့ ပေါင်းစည်းပြီး လုပ်သွားနိုင်မယ်ဆိုရင် တော့ဗျာ၊ အခုစလုပ်မယ်။ အများ အားဖြင့် ပြောကြတာကတော့ ဒီဖက်မှာ ရှိနေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေဟာ ကြေညာချက်ဘဲ  ထွက်ထွက် လာတယ် ဆိုတော့ လုပ်ငန်းတွေ  မဖေါ်နိုင်ဘူးဖြစ်နေတယ်။ ကျနော်တို့ကတော့ အဲဒီလိုမျိုး မဖြစ်အောင် ပထမ ဦးဆုံးအနေနဲ့  ကျင်းပပြီး တာနဲ့ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ပြီးတော့ ကျနော်တို့က တန်းပြီး စအကောင်အထည်ဖော်မယ်။ သေချာတာက တော့ တစ်ခြား နှီးနှောဖလှယ်ပွဲတွေထက်  ထူးခြားတာက အလုပ်အဖွဲ့တွေကို ချက်ခြင်း ဖွဲ့ပြီးတော့ အကောင်အထည် ဖေါ်စေတယ်။”

မေး။   ။ဒါဆိုရင် ဆရာတို့က အားသာချက်လည်း တွေ့ပြီး အားနည်းချက်လည်း တွေ့ပြီးဆိုတော့ အကောင်းဆုံးကို ရှေ့ ဆက်ဘယ်လို ဆက်လုပ်ကြဖို့ရှိသလဲ။

“ ရှေ့ဆက်ကတော့ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်ပေါ့  အားလုံးနဲ့ ပူးပေါင်းပြီး အကောင်းဆုံးဖြစ်အောင် ဆက်လုပ် သွားဖို့ရှိပါတယ်။”

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA)သည် ပြီးခဲ့သည့် (၂၀၁၃)ခုနှစ် အစပိုင်းတွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပါသည်။ ၄င်းတို့သည် (၁၉၉၄) ခုနှစ်၌ KNU မှ ခွဲထွက်ခဲ့ပြီး၊ အစိုးရနှင့် ပူးပေါင်းခဲ့ပါသည်။ သို့သော် ၂၀၁၀ ခုနှစ် တွင် အစိုးရမှ ၄င်းတို့အား နယ်ခြားစောင့်တပ် ဖွဲ့ခိုင်းသဖြင့် လက်မခံ ပယ်ချရာက ပြန်လည် တိုက်ခိုက်ခဲ့ကြသော အဖွဲ့ ဖြစ်ပါသည်။

Most read this week