လက်ပံတောင်းတောင်တွင် ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး တရားဝင် ဆန္ဒဖော်ထုတ်

လက်ပံတောင်းတောင်တွင် ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး တရားဝင် ဆန္ဒဖော်ထုတ်
by -
မဇ္စျိမ

လက်ပံတောင်းတောင်ဒေသတွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရေး စသော အချက်များဖြင့် လက်ပံတောင်းဒေသခံများက ဇွန်လ ၁၇ ရက်တွင် တရားဝင်ဆန္ဒဖော်ထုတ်ခဲ့သည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းကို မုံရွာမြို့နယ်၊ တုံရွာထိပ်မှ စတင်ကာ ညောင်ပင်ကြီးဇက်ဆိပ်အထိ ဒေသခံ ၁၅ဝ ခန့်က တရားဝင် ဆန္ဒပြခြင်းဖြစ်သည်ဟု မုံရွာ ခရိုင်ရဲမှူး ကြီးဦးတင်ထွန်းက မဇ္ဈိမကို ပြောသည်။

၎င်းက ''တရားဝင်စာတင်ပြီး ခွင့်ပြုထားတာပါ။ အဲဒါကြောင့် ကျွန်တော်တို့လည်း တရားဝင်ပဲ လုံခြံုရေး တာဝန် ယူပေးထားပါတယ်'' ဟု ပြောသည်။

ဆန္ဒဖော်ထုတ်သူများက 'လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး'၊ 'လက်ပံတောင်းဒေသတွင် ပုဒ်မ ၁၄၄ ဖျက်သိမ်းပေးရေး'၊ 'ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရေး'၊ 'ဦးပိုင်ကုမ္ပဏီနဲ့ ဝမ်ပေါင်ကုမ္ပဏီကနောက်ထပ်စာချုပ်အသစ် ချုပ်ဆိုပေးရေး'၊ ' လယ်သမားတွေပိုင်တဲ့ လယ်ယာမြေတွေပေါ်မှာ စွန့်ပစ်မြေများ လာရောက်မပုံရေး'စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုကာ မွန်းလွဲ တစ်နာရီမှ သုံး နာရီအထိ ဆန္ဒပြနေဆဲဖြစ်ကြောင်း ဆန္ဒပြသူများ ထဲတွင်ပါသော အလယ်တောရွာသူ မစန္ဒာ က ပြောသည်။

ယခခုကဲ့သို့ ဆနြ္ဒပခြင်းမှာ ဒေသခံများ၏ ဆန္ဒသက်သက်ဖြစ်ပြီး မည်သည့် အကူအညီမျှမယူဘဲ ဆားလင်းကြီး ရဲစခန်းတွင် ငါးရက်ကြိုကာ စာတင်ခဲ့ကြောင်းလည်း မစန္ဒာက ပြောသည်။

ဆန္ဒထုတ်ဖော်သူများသည် တုံရွာ၊ အလယ်တောရွာ၊ ရွာသစ်ရွာ၊ တောချောင်းရွာ၊ ဆည်တည်းရွာ၊ ကြားဘူတာရွာ၊ မိုးကြိုးပြင်ရွာ၊ လယ်တီရွာတွေက ဒေသခံများ ပါဝင်ပြီး လုံခြံုရေး ယူသော ရဲအင်အား ၁၅ ဦးခန့်ရှိသည်ဟု မစန္ဒာကပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဝမ်ပေါင်ကုမ္ပဏီ ရှေ့တွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၂၉ရက်က သပိတ် စခန်းဖွင့်ကာ ဆန္ဒထုတ်ဖော်သော သံဃာများနှင့် ဒေသခံများအား အာဏာပိုင်များက အင်အားသုံး ဖြိုခွင်းခဲ့သည်။ ထိုသို့ ဖြိုခွင်းမှုကြောင့် သံဃာ အပါး ၈ဝ ခန့်နှင့် ဒေသခံများ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ နောက်ပိုင်းတွင် ဆန္ဒပြမှုများသည် မုံရွာအပြင် ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့များတွင်လည်း ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ယင်းနောက်တွင်လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော လက်ပံတောင်း အရေးစုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း အဖြေရှာခဲ့ရာ ကော်မရှင်၏ရလဒ်သည် ဒေသခံများ မျှော်လင့်မှုနှင့် အပြည့်အဝကိုက်ညီမှုမရှိသည့်အတွက် ဆက်လက်ဆန္ဒပြခဲ့သည်။

ထို့အပြင် ပုဒ်မ ၁၄၄ ထုတ်ထားသော နယ်မြေတွင် ဆန္ဒထုတ်ဖော်မှု၊ လယ်ယာထွန်ယက်မှုများကြောင့်လည်း
ဒေသခံတချို့နှင့် တက်ကြွလှုပ်ရှားသူတချို့ ဖမ်းဆီးခံရမှုများရှိခဲ့သလို ဖမ်းဝရမ်း ထုတ်ခံထားရသူများလည်း ရှိနေသည်။

Most read this week