မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌလည်း ဖြစ်ပါတီ၏ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်လည်းဖြစ်သူ နိုင်ရော့စသည် ဇွန် ၁၅ ရက် ည ၈ နာရီခန့်တွင် ထိုင်းနိုင်ငံ၊ စံခလပူရီမြို့ ဆေးရုံ၌ ကွယ်လွန်သွားခဲ့သည်။
အသက် ၆၇ နှစ်အရွယ်ရှိ နိုင်ရော့စသည် လည်ပြွန်ကင်ဆာဝေဒနာဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်ဟု မွန်ပြည်သစ် ပါတီ ပြည်တွင်း ဆက်ဆံရေးတာဝန်ခံ နိုင်တလညီက ပြောသည်။
နိုင်ရော့စ ကွယ်လွန်သွားခြင်းသည် မွန်ပြည်သစ်ပါတီမှာသာမက မွန်တစ်မျိုးသားလုံး၊ မွန်လူမျိုးတရပ်လုံး အတွက် အစားထိုးမရသည့် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်သည်ဟုလည်း နိုင်တလညီက ပြောသည်။
နိုင်ရော့စသည် လည်ပြွန်ကင်ဆာ ဝေဒနာအပြင် နှလုံးသွေးကြောကျဉ်းရောဂါ၊ သည်းခြေကျောက်တည်၊ အသည်းနှင့် ဆိုင်သည့် ရောဂါဝေဒနာများလည်း ခံစားခဲ့ရသည်ဟု သိရသည်။
နိုင်ရော့စသည် ဇန်နဝါရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း စံပြဆေးရုံတွင်တက်ရောက် ကုသရာဆရာဝန်၏ အကြံပေးချက်အရ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဗမ်းရွန်းရာဒ် (Bumrungrad) ဆေးရုံသို့ သွားရောက် ကုသခံယူခဲ့သည်။
နိုင်ရော့စသည် ရန်ကုန်စီးပွာရေး တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူဖြစ်ပြီး သူအသက် ၂၅ နှစ်အရွယ် လွန်ခဲ့သော ၄၂ နှစ် (၁၉၇၁ ခုနှစ်) က မွန်ပြည်သစ်ပါတီသို့ စတင် ဝင်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ် တွင် မွန်ပြည်သစ်ပါတီ၏ ဗဟိုတွဲဖက်အတွင်းရေးမှူးအဖြစ် လည်းကောင်း ၁၉၉၇ ခုနှစ်တွင် အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ကောင်း၊ ၂ဝဝ၃ ခုနှစ်မှစ၍ ကွယ်လွန်ချိန်ထိ ပါတီဒု-ဥက္ကဋ္ဌအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
နိုင်ရော့စသည် စာပေနှင့်ဂီတကို မြတ်နိုးသူဖြစ်ပြီး ဟာသဉာဏ်ရွှင်ကာ ပါတီတွင်း ရဲဘော်များနှင့် တန်းတူ ဆက်ဆံတတ်ခြင်း၊ စိတ်နေသဘော ထားပျော့ပျောင်းခြင်း၊ မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်ခြင်းတို့ ကြောင့် ပါတီဝင်များ၏လေးစားချစ်ခင်မှုကို ခံရသည့်ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သူသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်ကော့ပီထော ကျေးရွာ ဇာတိ ဖြစ်သည်။