မိုးတွင်းရာသီတွင် ကလေးများအတွက် ဂရုပြုစရာ ရောဂါဖြစ်သည့် သွေးလွန်တုပ်ကွေးဖြစ်ပွားသည့် ကလေး အရေအတွက်မှာ ပြီးခဲ့သည့်နှစ် ယခုလိုအချိန်ထက် ယခုနှစ်တွင် ပိုမိုများပြားနေသည်ဟု ရန်ကင်း ကလေးဆေးရုံ၊ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင် က မဇ္စျိမသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းကလေးဆေးရုံ၏ စာရင်းများအရ ယခုနှစ် ဇန်နဝါရီ လမှ မေလ ၃၁ ရက်အထိတွင် ရန်ကင်း ကလေးဆေးရုံတွင် တက်ရောက်၍ သွေးလွန်တုပ်ကွေး ရောဂါကုသသူ ကလေး ၅ဝ၉ ဦး ရှိပြီဖြစ်သည်ဟု ဆေးရုံအုပ်ကြီးက ပြောသည်။ ပြီးခဲ့သည့်နှစ်က စာရင်းများအရ ယခုကဲ့သို့အချိန်တွင်ဖြစ်ပွားသည့် ကလေးအရေ အတွက်မှာ ၄ဝဝ ကျော် ရှိပြီး ယခုနှစ်တွင် အရေအတွက် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။
မိုးဦးအစတွင်ပင် ယင်းရောဂါ ဖြစ်ပွားသူဦးရေမှာ မြင့်တက်နေသောကြောင့် လာ မည့် မိုးတွင်းကာလတွင်ပိုမိုဖြစ်လာ ဖွယ်ရှိသည်ဟုလည်း ဆေးရုံအုပ်ကြီးက ခန့်မှန်းသုံးသပ်လိုက်သည်။
၎င်းက "အဓိက ကတော့ ကျောင်းသားလေးတွေ ဖြစ်တာများပါတယ်၊၊ ကျောင်းဖွင့်ချိန်ဆိုတော့ ကျောင်းမှာတစ်နေ ကုန်ထိုင်ရတယ်။ ပြီးတော့ နေ့လည်မှာကိုက်တဲ့ ခြင်က သွေးလွန်တုပ်ကွေးရောဂါကို ဖြစ်စေတာဆိုတော့ အဓိက ကတော့ခြင် မကိုက်ခံရအောင် ကလေးတွေကို မိဘတွေကနေ ဂရုစိုက်ပေးဖို့ပါ" ဟု ပြောသည်။
သေဆုံးသူဦးရေမှာ ငါးလအတွင်း တစ်ယောက်ရှိပြီဟု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးမှာနိုင်ငံတကာ တွင်လည်း စမ်းသပ်နေဆဲအဆင့်ဖြစ်ပြီး ယင်းရောဂါကြောင့် အလေးငယ် ၁ဝ ဦးမှ ၁၅ ဦးအထိနေ့စဉ်ရန်ကင်းဆေးရုံ သို့ တက်ရောက်သည်ဟုလည်း ဆေးရုံအုပ်ကြီးက ပြောသည်။
ရန်ကင်းကလေးဆေးရုံသို့ သွေးလွန်တုပ်ကွေးကြောင့် တက်ရောက်ကုသနေရသည့် အသက်ခြောက်နှစ် ဝန်းကျင် အရွယ်ရှိ ကလေးငယ်တစ်ဦး၏ မိခင်က "ကလေးတွေ တော်တော်များများ သွေးလွန်တုပ်ကွေး ကြောင့် လာတက် ရတာ တွေ့ပါတယ်။ မနေ့က (ဇွန်လ၁ဝ)ဆို ကလေးတစ်ယောက် ဆုံး သွားတာတောင်တွေ့ရပါတယ်" ဟု ပြောသည်။
ယင်းရောဂါအတွက် ကလေးငယ်များ ခြင်ကိုက်မခံရအောင် ကြိုတင် ကာကွယ်သင့်သည်နှင့် ပတ်သက်ပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှ ဆရာဝန်ဒေါက်တာ မင်းသက်နိုင်က "မိုးရာသီမှာပေါက်ဖွားတဲ့ ခြင်ကြားကိုက်ခံရမှု ကြောင့် အဓိကဖြစ်ရတာပါ။ အဲဒီခြင်တွေက ရေကြည်မှာ ပေါက်ဖွားတဲ့အတွက်ကြောင့် ရေအိုး၊ ရေခွက်တွေနဲ့ ဘုရားပန်းအိုးတွေကို သေချာဖုံးအုပ်ပြီး ပိုးလောက်လန်းတွေ့ရင် ရေစစ်နဲ့ ခပ်ထုတ်ပစ်တာတွေရေကိုသွန်ပစ် တာမျိုးတွေ ပြုလုပ်ရပါမယ်၊၊ အဓိက ကတော့ ခြင်အကိုက်မခံရအောင် သတိထား ရပါမယ်" ဟု အကြံပေး ပြောကြားသည်။
သွေးလွန်တုပ်ကွေး ရောဂါအား အချိန်မီ မကုသပါက ကလေးငယ်များမှာ သွေးလန့် သတိလစ်၍ သေဆုံးနိုင်ပြီး အပူချိန် ၁ဝဝ ဒီဂရီဖာရင်ဟိုက်ကျော်အထိ ရောက်ရှိကာ သုံးရက်မှ လေးရက်ခန့်အတွင်း အပူချိန် ကျကာ ပြန်၍ ကိုယ်အပူချိန်တက်သည့် လက္ခဏာများ ဖြစ်ပေတတ်ပြီး၊ မကြာခဏအန်ခြင်း၊ ဝမ်းအမည်း သွားခြင်းများဖြစ်ပေါ်လာ ပါက ဆေးရုံသို့ အချိန်မီတင်သင့်သည်ဟု ဒေါက်တာ မင်းသက်နိုင်က ပြောသည်။