ဘူးသီးတောင်နှင့် မောင်တော ကလေးနှစ်ယောက်သာ မွေးရေးမူဝါဒ ဝန်ကြီး ဦးခင်ရီ ထောက်ခံ

ဘူးသီးတောင်နှင့် မောင်တော ကလေးနှစ်ယောက်သာ မွေးရေးမူဝါဒ ဝန်ကြီး ဦးခင်ရီ ထောက်ခံ
by -
မဇ္စျိမ

ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် မူဆလင်များ မိသားစုတစ်ခုလျှင် ကလေးနှစ်ယောက်သာယူရန် အငြင်းပွားနေကြသည့် ဒေသန္တရအမိန့်ကန့်သတ်ချက်ကို လူဝင်မှုကြီးကြပ် ရေးဝန်ကြီး ဦးခင်ရီက ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

Khin-yi

''ဒီမူဝါဒက ဘင်္ဂါလီ အမျိုးသမီးတွေအတွက် အကျိုးရှိစေပါလိမ့်မယ်''ဟု ဦးခင်ရီက ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုသွားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကမူ ယင်းမူဝါဒသည် ခွဲခြားဆက်ဆံမှု ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုလည်းဖြစ်သည်ဟု ပြောဆိုထားသည်။

ဒေသန္တရအမိန့်ကို ရခိုင်ပြည်နယ်အစိုးရက မေလအတွင်းက ပြန်လည်သက်တမ်းတိုးထုတ်ပြန်ခဲ့ခြင်းနှင့် ပတ်သက်၍ ထိုပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့တွင်းမှာပင် ကွဲလွဲထုတ်ပြန်မှုများ ရှိနေသည်။

သို့သော် ထိုမူဝါဒကို လူသိရှင်ကြား ထောက်ခံသည့် အစိုးရအရာရှိကြီးများအနက် ဦးခင်ရီမှာ ပြည်ထောင်စု ဝန်ကြီးတစ်ဦးဖြစ်ပြီး ရာထူးအကြီးဆုံး ဖြစ်သည်။ ''ရခိုင်ပြည်နယ်က ဘင်္ဂါလီအမျိုးသမီးတွေက ကလေးတွေ အများကြီးယူကြတယ်။ တချို့နေရာတွေမှာ မိသားစုတစ်စု ကလေး ၁ဝ ယောက်က ၁၂ ယောက်ထိ ရှိကြတယ်။ ဒါဟာ ကလေးတွေ အာဟာရ ပြည့်ဝရေးဘက်ကရော၊ ကျောင်းထားရေး အတွက်ရော၊ ကလေးတွေ ပြုစုစောင့်ရှောက်ဖို့ရော ဘယ်ဟာမှ မကောင်းပါဘူး'' ဟု ဝန်ကြီး ဦးခင်ရီက ပြောသည်။

ဤမူဝါဒကို ထောက်ခံပါသလားဟု မေးမြန်းသည့်အခါ ''ထောက်ခံပါသည်''ဟု သူကပြန်ဖြေသည်။ မြန်မာနိုင်ငံ ရှိ လူဦးရေသန်း ၆ဝ အနက် ဘင်္ဂါလီ ဦးရေမှာ ၁ ဒသမ ၃၃ သန်းအထိရှိနေပြီး ယခင်ခန့်မှန်းထားသည့် လူဦးရေ ရှစ်သိန်းထက် ပိုနေသည်ဟု လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီက ပြောသည်။ ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၁ ဒသမ ဝ၈ သန်းရှိပြီး လေးသောင်းသာ နိုင်ငံသားဖြစ်ကြသည်ဟုလည်း ဆိုသည်။

ကလေးနှစ်ဦးသာယူရေး မူဝါဒကို ဒေသန္တရ အာဏာပိုင်များက အောက်ခြေတွင် ကျင့်သုံးခဲ့ပုံရသည်ဟု ဝန်ကြီးက ပြောသည်။ ''ဒီအမိန့်ကို ဗဟိုအစိုးရက ထုတ်ခဲ့တာမဟုတ်ပါဘူး။ ပြည်နယ်အစိုးရက ထုတ်ခဲ့တာလ ည်း မဟုတ်ပါဘူး'' ဟု ဆိုသည်။ ယခု မူဝါဒသည် ဆင်းရဲသော မိသားစုများကြောင့် ပေါ်ပေါက်လာသည့်
ပြဿနာများကို လျှော့ချပေးနိုင်လိမ့်မည်ဟု ၎င်းကဆိုသည်။

''ဘင်္ဂါလီ အမျိုးသမီး အကုန်လုံးနီးပါးဟာ စာလည်းမတတ်၊ ဆင်းလည်း ဆင်းရဲကြတယ်။ သူတို့အတွက် ကလေးတွေကို ကြည့်ဖို့မလွယ်ဘူး။ ကလေးနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ဟာ ဒီလူတွေအတွက် တော်လောက်ပါပြီ။ ဒါ ကျွန်တော့်အမြင်ပါ'' ဟုလည်း ဝန်ကြီးက ပြောဆိုထားသည်။