ပြောင်းလဲနေပြီဖြစ်သော ပေါ်လစီအရ နိုင်ငံသား စီစစ်ရေးကတ်ပြား(မှတ်ပုံတင်) ပြုလုပ်ရန်တွင် အခမဲ့ ပြုလုပ်ပေး နေပြီ ဟုကြားနေရသော်လည်း မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်ဟု ပြောနေကြသော ချင်းပြည်နယ်၊ မတူပီမြို့မှာတော့ ကျပ် ငွေ တစ်သောင်း အထိ ပေးနေရကြောင်း စုံစမ်း သိရှိရသည်။
” ကျနော် မနေ့က လဝကရုံးကို သွားလုပ်တာ၊ ပိုက်ဆံ ၁၀၀၀၀ ပေးရတယ်” ဟု ကိုယ်တိုင် မှတ်ပုံတင်သွား လုပ်သော နယ်ကလာသည့် လူငယ် တစ်ယောက်က ပြောသည်။
ဆက်လက်ပြီး စေတနာရှိသလောက် ထည့်ပါလို့ ရုံးက ဆရာတွေက ပြောသဖြင့် ၅၀၀၀ ကျပ် ထည့်တယ်၊ သူတို့က ကျပ်ငွေ ၁၀၀၀၀ မထည့်ရင် တစ်ပတ် စောင့်ရမယ်ပြောသည် ဟု ဆက်ဆိုသည်။
“ မင်းတပ် ခရိုင်ရုံး ပို့ရဦးမယ်ပြောလို့ ကျတော်က နယ်က လာတာဆိုတော မစောင့်နိုင်တော့ဘူး။ သူတို့ တောင်းသလို ပေးရတာ” ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ချင်းပြည်နယ်သည် ရ၀ ရာခိုင်နှုန်းအောက် ဆင်းရဲမွဲတေမှုကျရောက်နေသောကြောင့် အစိုးရ ၀န်ထမ်းများ အကျင့်ပျက် လဒ်စားနေမှု ကိုဖြေရှင်းရန် နိုင်ငံတော် အစိုးရက ၀န်ထမ်းလစာ တိုးမြှင့်ပေး နေခြင်းမှာ ဆင်းရဲမွဲတေမှုနှင့် မသက်ဆိုင်ဟု ပြောဆိုသူများလည်း ရှိနေကြသည်။
မတူပီမြို့ခံ တစ်ဦးကလည်း ” အဲလို လုပ်ကြတာ၊ ကြားသိတာ ကြာပြီ။ ၅၀၀၀ ပေးရင် ခရိုင်ပို့ရအုံး မှာတဲ့၊ ကျပ် ၁၀၀၀၀ ပေးရင်တေ့ာ ချက်ချင်းရတာ၊ ဒါကတော လုံးဝကို မဖြစ်သင့်ဘူး။ မသမာမှုဆိုတာ သေချာတယ်လေ။ မတူပီမြို့ခံတွေလည်း မကြိုက်ကြဘူး။ မတရားရဘူးလေ” ဟု ပြောသွားသည်။
အခုလို မတူပီ လဝက ၀န်ထမ်းများ၏ လုပ်ရပ်သည် ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသော အစိုးရ ဖြစ်အောင် ကြိုးစားနေသော သမ္မတဦးသိန်းစိန် အစိုးရ အဖို့ စိတ်ပျက်စရာတစ်ခုဖြစ်ကြောင်း မတူပီက နိုင်ငံရေး သမား တစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိ မတူပီ လဝက မြို့နယ် ဦးစီးမှူး ဦးအောင်ကျော်စိုးသည် ရခိုင်ပြည်နယ်မှ ၂၀၁၁ နှစ်ကတည်းက မတူပီသို့ ပြောင်း ရွှေ့ လာသူဖြစ်သည်။
အလားတူ ချင်းပြည်နယ်အတွင်း အစိုးရဌာန အသီးသီးရှိ ၀န်ထမ်းများအတွင်း လဒ်ပေးလဒ်ယူမှု အနည်းနှင့် အများ ရှိနေ သေးကြောင်း ပြောကြသည်။