ယမန်နေ့က သမ္မတကြီး ဦးသိန်းစိန်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ် တို့ တွေ့ဆုံ ရာတွင် သမ္မတကြီးဦးသိန်းစိန်က “ မြန်မာနိုင်ငံ၏ ပိုင်ရှင်သည် ဦးယွက်စစ်လည်းပါဝင်သည် ” ဟု ပြောဆိုလိုက်ပါသည်။
“မြန်မာနိုင်ငံကို ဦးသိန်းစိန်တို့ ပိုင်ဆိုင်သလို ဦးယွက်စစ်တို့ သျှမ်းတိုင်းရင်းသားများလည်း ပိုင်ဆိုင်တယ်။ တိုင်းရင်းသား အချင်းချင်း လက်နက် ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းလိုတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လက်နက် ကိုင်ဖြေရှင်းတဲ့လမ်းက အမှန်တကယ် မအောင်မြင်ဘူးဆိုတာသိရပါပြီ - လို့ပြောတယ်။ ဒါ ထူးခြားတဲ့ စကားလို့ဆိုရမှာပေါ့” ဟု ခရီးစဉ်တွင်း လိုက်ပါသည့် RCSS အတိုင်ပင်ခံ စဝ်ပင်ခမ်းကပြောသည်။
မတူကွဲပြားမှုများအား ညှိနှိုင်းအဖြေရှာရန်အတွက် တူညီမှုများဖြင့် လက်တွဲပူးပေါင်း သွားရန် သမ္မတကြီး ကတိုက်တွန်းခဲ့ပြီး တပြည်လုံးငြိမ်းချမ်းရေးသည် လက်တစ်ကမ်း အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟုလည်း သမ္မတက ပြောဆိုခဲ့ကြောင်းလည်း ဆို၏။
ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်ကမူ လက်နက်ကိုင်တော်လှန်ခြင်းမှာ ပြည်ထောင်စုမှခွဲထွက်လိုခြင်း မဟုတ်၊ စစ်မှန်သော ပြည် ထောင် စုတည်ဆောက်ရန် တိုင်းရင်းသားများအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန်၊ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက် ရန်နှင့် ပြည်သူအားလုံး လက်တွဲပါဝင် ဆောင်ရွက်ရန်ကိုသာ မျှော်လင့်ကြောင်း၊ ၁၉၆၂ က ဦးနေဝင်းပိတ်ထားသော တံခါး ကို သမ္မတကြီးဦးသိန်းစိန်မှ ပြန်လည် ဖွင့်လှစ်သည်ကို RCSS အနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကာ တတပ်တအား လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးခဲ့သည်။
ထို့အပြင် တိုင်းရင်းသားစစ်တပ်ထားရှိရန်ဟူသည့် သမ္မတကြီး၏ဆန္ဒကို လက်တွေ့အကောင်အထည်ဖေါ် သွားဖို့ အသင့်ရှိကြောင်း၊ လက်ရှိတွင်မူ တိုက်ပွဲမဖြစ်အောင် နယ်မြေသတ်မှတ်ဖို့၊ အပစ်ရပ်ရေး စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့ဖို့၊ တပ်မိသားစု နေရာချထား နိုင်ဖို့ လည်း ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က တင်ပြခဲ့ သည်ဟုဆိုပါသည်။
ထိုနောက်ပိုင်း နေပြည်တော်တွင်ပင် သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပခဲ့ပြီး ည ရ နာရီမှ ၈ နာရီအထိ သျှမ်းပြည်တပ် မတော်အား ဒု သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ညစာတည်ခင်းဧည့်ခံကြောင်း၊ ညစာစားပွဲသို့ ဒု တပ်ချုပ် စိုးဝင်း၊ ပြည် ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိမ်း၊ ဦးအောင်မင်း ၊ဦးသိန်းဇော်၊ ပြည် ထဲရေးဝန်ကြီး ဗိုလ်ချုပ်အောင်သန်းထွဋ် ၊ ဒု- ဗိုလ်ချုပ်ကြီး ကိုကို တို့လည်း တက်ရောက်ခဲ့ကြသည်ဟုဆိုပါသည်။
“ ညစာစားပွဲမှာ ဒု- သမ္မတက - ငြိမ်းချမ်းရေးတည်ဆောက်ရေးလုပ်ငန်းဟာ မပြီးသေးသောပန်းချီကား ဖြစ်တယ်။ အား လုံးက ညီညီညွတ်ညွတ်နဲ့ ပေါင်းပြီးတော့ ရေးဆွဲ ကြရမယ် လို့ ပြောတယ်။ ၂ ခါ ၃ ခါတောင်ပြောတယ်ဒီတခွန်းတည်းကို” ဟု လည်း ညစာစားပွဲတက်ရောက်သူတဦးကပြောသည်။
ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်အဖွဲ့သည် နေပြည်တော် ခရီးစဉ်အပြီး ရန်ကုန်၊ မန္တလေး မြို့များ ရှိ နိုင်ငံတကာအဖွဲ့ အစည်းများ နိုင်ငံရေးပါတီနှင့် လူမှုအသင်းအဖွဲ့ များနှင့်တွေ့ဆုံရန်ရှိကြောင်းသိရသည်။