ထန်တလန်ရဲစခန်း နယ်မြေ ကာဆီးမှုကြောင့် အများပြည်သူ သွားလာရေးခက်ခဲ

ထန်တလန်ရဲစခန်း နယ်မြေ ကာဆီးမှုကြောင့် အများပြည်သူ သွားလာရေးခက်ခဲ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ် ထန်တလန်မြို့ပေါ် ရဲစခန်းဧရိယာအတွင်း ကားလမ်းကို သက်ဆိုင်ရာက ဇွန်လ ၃ ရက်နေ့ကတည်းက ကာဆီးပိတ်ဆို့မှုကြောင့် အများပြည်သူသွားလာရေးအခက်အခဲ ရင်ဆိုင်နေ ကြကြောင်း သိရသည်။

“ရဲစခန်းနောက်ဖက်မှာရှိတဲ့ စခန်းဧရိယာအတွင်းဖြတ်သွားတဲ့ ကားလမ်းကို သံဆူးကြိုး နဲ့ ကားဆီးထားတယ်၊ အမှန်တော့ အဲဒီမှာ ဂိတ်ဖွင့်ပေးသင့်တယ်၊ အခုတော့ ရပ်ကွက်သားတွေ၊ ကလေးတွေ ကျောင်းသွားလာ ရာမှာလဲ တောတိုးပြီး သွားနေကြရတယ်” ဟု ကျောင်းသားမိဘတဦးက ပြောသည်။

ယခုကဲ့သို့ ကားလမ်း ပိတ်ဆို့ရခြင်းမှာ ပြီးခဲ့သည့်လက ချင်းအမျိုးသားတပ်ဦးပိုင်ကားတစီးနှင့် ရဲစခန်း တာဝန်ရှိတို့ ပြသာနာ ဖြစ်ခဲ့ကြကြောင်း၊ နှစ်ဖက်ဆွေးနွေးပြီး ပြေလည်မှုရသွားသော်လည်း အဆိုပါလမ်းအား ဆက်လက်ပိတ်ဆို့ထားသည့် ကိစ္စ လုံးဝ မဖြစ်သင့်ကြောင်း စီအဲန်အက်ဖ်ဖက်မှ ပြောသည်။

သံဆူးကြိုးဖြင့် ကာဆီးထားသောကြောင့် ခရီးသွားဧည့်သည်တဦးသည် သံဆူးကြိုးကို မမြင်သဖြင့် ဆိုင်ကယ် နှင့်တိုက်ပြီး ဒါဏ်ရာရရှိသွားသောကြောင့် လမ်းပိတ်ဆို့မှုကိစ္စပတ်သက်၍ သက်ဆိုင်သူအား အရေးယူနိုင်ရန် အထက်သို့ တိုင်ကြားသွားမည်ဟု လည်း ဒေသခံခံများက ပြောသည်။

“ ဘယ်တပ်စခန်း၊ ဘယ်ရဲစခန်းဖြစ်ဖြစ် စခန်းအနီး လူသွားလမ်း၊ မော်တော်ကားလမ်းအဖြစ်မှာဂိတ်ဖွင့်ပေးကြ တာပါ၊ ယခုဟာက အများပြည်သူကို လက်နက်အားကိုးနဲ့ အာဏာပြတာဖြစ်တယ်” ဟု လူငယ်တဦးက ပြောသည်။

ရဲစခန်းမှ လမ်းပိတ်ဆို့မှုကြောင့် ဒေသခံ အိမ်ခြေ အနည်းဆုံး ၅၀ မှ လူထုနှင့် ခရီးသွားများ အခက်ခဲကြံုနေရ သည်ဟုဆိုသည်။