မလေးရှားသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများပြန်လာရေး အဆင်ပြေစေရန် ရည်ရွယ်ပြီး MAI လေကြောင်းလိုင်းက ဇွန် ၁၂ ရက်မှစပြီး တစ်လတိတိ လေယာဉ်လက်မှတ်ခ ထက်ဝက်လျှော့ချသွားမည်ဖြစ် ကြောင်း ယင်းလေကြောင်းလိုင်း၏ စျေးကွက်မန်နေဂျာ ဒေါ်အေးမရသာက မဇ္စျိမကို ပြောသည်။
''အဓိကရည်ရွယ်တာကတော့ မလေးရှားမှာ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေ အတွက်ပါ။ သူတို့အတွက် ရည်ရွယ်ပြီး အခုလို လက်မှတ်စျေးနှုန်းကို ထက်ဝက်လျှော့ချရတာပါ'' ဟု သူကဆိုသည်။
MAI လေကြောင်းလိုင်း၏ မြန်မာမလေးရှား လေယာဉ်လက်မှတ်ခမှာ တစ်ဦးလျှင် ရင်းဂစ် ၃၁ဝ ဖြစ်၍ မြန်မာကျပ်ငွေနှင့် ဆိုလျှင် ၉၃,ဝဝဝ ကျော်ကျ သင့်မည်ဖြစ်ကာ ဇွန် ၁၂ ရက်မှစပြီး ထက်ဝက်လျှော့ချ မည် ဖြစ်သောကြောင့် မြန်မာငွေ ၄၅,ဝဝဝ ကျော်သာ ကျသင့်တော့မည် ဖြစ်သည်။
မလေးရှားနိုင်ငံတွင် မေလကုန်ပိုင်းမှ စတင်၍ လူတစ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အနည်းဆုံး မြန်မာခြောက်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရ ရှိသူ ၁ဝ ဦးရှိကာ ၎င်းတို့အနက် သုံးဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မလေးရှားအခြေစိုက် ကပုန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောကြားထားသည်။
မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားပေါင်း လေးသိန်းကျော်ရှိပြီး တရားဝင်အလုပ်သမား သုံးသိန်း၊ တရားမဝင် သွားရောက်လုပ်ကိုင်နေသူ လေးသောင်းနှင့် ဒုက္ခသည်အမည်ခံ ကိုးသောင်းရှိကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်လတ်က ယခုလဆန်းပိုင်းက နိုင်ငံပိုင်ရုပ်သံနှင့် အင်တာဗျူး တွင် ပြောခဲ့သည်။