အကြမ်းဖက် ခံနေရသော မလေးရှားရောက် မြန်မာများအား ကူညီရန် မြန်မာဒုတိယ နိုင်ငံခြားရေး ၀န်ကြီး ဦးဇင်ယော် နှင့် အလုပ်သမား ၀န်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့ ဦးဆောင်ပြီး ယနေ့ ညနေပိုင်း (၅) နာရီက မလေးရှားသို့ ထွက်ခွာ သွားကြပါသည်။
“ ဖြစ်နေတဲ့ အခြေအနေတွေပေါ် မူတည်ပြီး တိတိကျကျ သိရှိနိုင်ဖို့၊မိမိနိုင်ငံသားများကို ခိုင်ခိုင်မာမာ အကာအကွယ် ပေးနိုင်ဖို့ခုလို စေလွှတ်လိုက်တာဖြစ်ပါတယ်။ ဒီအထူး ကိုယ်စားလှယ် အဖွဲ့ရဲ့တွေ့ရှိချက်၊ တင်ပြချက်တွေ အပေါ် အခြေခံပြီး လုပ်စရာရှိတာ မှန်သမျှ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” လို့ သမ္မတ မိန့်ကြားချက်တွင် ဖေါ်ပြထား ပါသည်။
ယင်းအထူး ကိုယ်စားလှယ် အဖွဲ့တွင် ပြည်ပ အလုပ်အကိုင် အေဂျင်စီ အသင်းချုပ်မှ ကိုယ်စားလှယ် (၆) ဦးနှင့် အလုပ်သမား အေဂျင်တခုမှ ကိုယ်စားလှယ် တစ်ဦးလည်း ပါသွား ခဲ့ ပါသည်။
မလေးရှားရောက် မြန်မာနိုင်ငံသားများသည် ပြီးခဲ့သည့် အပတ်မှ စပြီး အကြမ်းဖက်မှုများ ပိုမို ခံလာခဲ့ရပါ သည်။ ယခုအချိန်ထိ သေဆုံးသူ (၁၀) ဦး ထက်မနည်း ရှိပြီး (၁၂) ဦးခန့် အတွင်းလူနာ ဖြစ်ခဲ့ရပါသည်။ ထို့အပြင် ဤအခြေအနေကို အကြောင်းပြုပြီး အကာအကွယ်မဲ့ လာနေရာက မလေးရှား ဆိုင်ရာ မြန်မာသံရုံးကို ဆန္ဒပြရန် ဖြစ်လာပါသည်။ ဤသို့ ကြောင့် ဆန္ဒပြမှု မဖြစ်ပွားရန် မလေးရှားရဲများက တွေ့သမျှ မြန်မာများအား စစ်ဆေးခြင်းမပြုဘဲ ထောင်နှင့်ချီ ဖမ်းဆီးနေပါသည်။
မလေးရဲများသည် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၁၀၅၄ ဦးထဲမှ UNHCR ဒုက္ခသည်ကဒ်အတု ကိုင်ဆောင်သူ ၃၀၇ ဦးကို ဖေါ်ထုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။
ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီးရုံးကလည်း ဒုက္ခသည် အဖြစ် မှတ်ပုံမတင်ထားရင်တောင်မှ သူတို့က နိုင်ငံတကာရဲ့ အကူအညီကို လိုအပ်တယ် ဆိုရင်ကူညီနိုင်တယ်လို့ UNHCR ရဲ့ပြောခွင့်ရ အမျိုးသမီး ရန်တေ အစ္စမေးက ပြောကြောင်း ထို့အပြင် လိုအပ်ပါက ဒုက္ခသည် အဖြစ် လျှောက်ထားနိုင်သလို ဖမ်းဆီးမှု၊ နေရပ်ပြန်ပို့မှု များမပြုရန် ကူညီပြောဆိုပေးဦးမည်ဟု ဆိုပါသည်။
မလေးရှားရောက် မြန်မာများသည် ယင်းကဲ့သို့ အကြမ်းဖက် ခံရနေသည့်အပြင် စစ်ဆေးမှုမရှိဘဲ ဖမ်းဆီးခံနေရသည့် အတွက် အခြေအနေမှန်ကို သိရှိနိုင်ရန် သမ္မတ ဦးသိန်းစိန်မှ အထူး သံအဖွဲ့စေလွှတ်ပြီး အခြေအနေမှန်ကို သိရှိရန် လေ့လာစေခဲ့ပါသည်။
မြန်မာနို်င်ငံမှ စေတနာရှင် အလှူရှင်များကလည်း မလေးပြန် မြန်မာများအတွက် စျေးသက်သာသော လေယာဉ်ခများ နှင့် ထောက်ပ့ံကူညီမှုများကို ပေးနေကြပါသည်။ အထူးသဖြင့် မက်(စ်) မြန်မာ ဦးဇော်ဇော်၊ ကမ္ဘောဇဘဏ် ဦးအောင်ကိုဝင်း၊ ထူးကော်ပိုရေးရှင်းမှ ဦးတေဇတို့က ဒေါ်လာသိန်းချီ ကူညီသွားမည်ဟု ဆိုပါသည်။
မလေးရှား ရဲများကလည်း လိုက်လံ အကြမ်းဖက်နေသည်ဟု ယူဆရသူများကို ၀ရမ်းထုတ်ပြီး လိုက်လံ ဖမ်းဆီးနေ သည်ဟု ဆိုပါသည်။
ဤသို့ကြောင့် မြန်မာပြည်သို့ ပြန်လိုကြသော မြန်မာနိုင်ငံသားများသည် အထူးသဖြင့် မြန်မာသံရုံးသို့ အဆက်အသွယ်ပြုကြရန် နှင့်
ဤသို့သော အခြေအနေမျိုုးတွင် တရားဝင် လမ်းကြောင်းမှတပါး အခြားနည်းလမ်းဖြင့် မပြန်သင့် ကြောင်း မလေးရှား မြန်မာများက သတိပေးနေကြပါသည်။ အောက်လမ်းမှ ပြန်သူများအဖို့ အန္တရာယ်များလှကြောင်း ဆို ပါသည်။