၂ဝဝ၈ အခြေခံဥပဒေအား ပြည်သူ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဆိုခြင်းကို မယုံကြည်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၉ ရက်က ပြင်ဦးလွင်မြို့ လူထုနှင့်တွေ့ဆုံစဉ်တွင်ပြောသည်။
''ကျွန်မတို့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ်တော့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဥပဒေပဲဖြစ် တယ်။ ဒါ ကျွန်မရှင်းရှင်းလင်းလင်းပဲ ပြောမယ်။ တချို့ကပြောတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတွေကလက်ခံပြီးတော့ အတည်ပြုခဲ့တာပါဆိုပြီး ပြောတယ်။ အဲဒါကို ကျွန်မ သိပ်မယုံကြည်ဘူး'' ဟု သူကဆိုသည်။
သူမက ဆက်ပြီး ''ကျွန်မက အကျယ်ချုပ်ဘဝကနေလည်း ကန့်ကွက်မဲပဲထည့်ခဲ့တယ်။ တချို့ကပြောတယ်။
ပြည်သူတွေက ထောက်ခံပြီး ၉၂ ရာခိုင်နှုန်းဆိုတော့ ကျွန်မကတော့ စဉ်းစားစရာလို့ ဒီလိုပဲ စိတ်ထဲမှာ ရှိပါတယ်'' ဟု ပြောသည်။
ဖွဲ့စည်းပုံအခြေခံ ဥပဒေအား တစ်နိုင်ငံလုံးတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပကာအတည်ပြုခဲ့သော ၂ဝဝ၈ ခုနှစ် မေလ ၁ဝ ရက်သည် ဖျက်အားကမ္ဘာ့အဆင့်ရှစ်ရှိပြီး ပြည်သူတစ်သိန်းကျော်ကို သေစေခဲ့သော နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးရက်သတ္တတစ်ပတ်ကျော်သာ ကြာသေးသည့်အချိန်ဖြစ်သဖြင့် ထိုအတည်ပြု ချက်သည် သံသယဖြစ်ဖွယ်ဖြစ်ကြောင်းဝေဖန်မှုများရှိခဲ့သည်။ တစ်နိုင်ငံလုံးတွင် မြို့နယ်စုစုပေါင်း ၃၂၅ မြို့နယ်ရှိသည့်အနက် ထိုစဉ်က ၂၇၈ မြို့နယ်တွင် ဆန္ဒခံယူပွဲ ကျင်းပခဲ့သည်။
နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသော ရန်ကုန်တိုင်းမှ မြို့နယ် ၄ဝ နှင့် ဧရာဝတီတိုင်းမှခုနစ်မြို့နယ်ကို ဆန္ဒခံယူပွဲ ကျင်းပမည့် ရက်အား ၂ဝဝ၈ ခုနှစ် မေ ၂၄ရက်တွင် ကျင်းပမည်ဟု ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်ကကြေညာခဲ့သည်။
၂ဝဝ၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲဆန္ဒရှင် ၂၂သန်းကျော် ရှိသည့်အနက်မှ သန်း ၂ဝ ကျော်က ထောက်ခံမဲပေးခဲ့သည့်အတွက် ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံထားကြောင်း ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါရှိသည်။