မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး ညီလာခံတွင် အခြေခံ မူလတန်း ပညာရေး၌ တိုင်းရင်သား မိခင် ဘာသာ စာပေ သင်ကြားရေး အဆိုကို တင်သွင်းရာ ရာနှုန်းပြည့် နီးပါး ထောက်ခံ ဆွေးနွေး ခဲ့ကြသည် ဟု ညီလာခံတက် ရောက် ခဲ့သူ တစ်ဦးက ဆိုပါသည်။
“တိုင်းရင်းသား တွေရဲ့ မိခင် ဘာသာစာပေကို အခြေခံ ပညာ မူလတန်း အဆင့်မှာ မဖြစ်မနေ သင်သင့်တယ် ဆိုတဲ့ ဘက်က ၉၅% ထောက်ခံ ဆွေးနွေး သွားတာ တွေ့ရတယ်၊ တကယ် တော့လည်း တိုင်းရင်းသား အခွင့်အရေးနဲ့ ယှဉ်ပြီး ပြောရမယ် ဆိုရင်လည်း ကိုယ့် ပြည်နယ်မှာ ကိုယ့်စာပေကို ကိုယ်သင်ခွင့် ရသင့်တာ ပေါ့” ဟု မွန်ပြည်နယ် ပညာရေး ကွန်ရက် ကိုယ်စားလှယ် မင်းအောင်ထူးက ပြောသည်။
ထို့အပြင် အောက်မြန်မာ နိုင်ငံ ပညာရေး ဝန်ကြီး ဌာန ညွှန်ကြားရေးမှူး ဟောင်းလည်းဖြစ် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဌလည်း ဖြစ်သည့် နိုင်ငွေသိန်း ကလည်း အခြေခံပညာ မူလတန်း အဆင့်၌ တိုင်းရင်းသားတို့၏ မိခင်ဘာသာရပ် ထည့်သွင်း သင်ကြား ပေးရန် လိုအပ်ကြောင်း ညီလာခံသို့တင်ပြခဲ့ပါ သည်။
“တိုင်းရင်းသား ဒေသမှာ မြန်မာစာဖြင့် သင်ကြား နေတာကို ကလေးငယ် တွေက အခက်အခဲတွေ့နေရ တယ်။ အဲဒါကြောင့် အခြေခံ မူလတန်း အဆင့်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ အပြင် တိုင်းရင်းသား မိခင် ဘာသာစာပေ (Tris-language Teaching System) ကိုလည်း သင်ကြားပေးရန် လိုအပ်ခြင်း ဖြစ်ပါသည်။
အစိုးရ ကလည်း ၄င်းတို့၏ သင်ရိုး ညွှန်းတမ်းအတိုင်း တိုင်းရင်းသား စာပေများဖြင့် ဘာသာပြန် သင်ကြား စေချင်သည်။ ဤသို့ကြောင့် ၄င်းတို့ မြန်မာမှု ပြုစုထားသည့် တိုင်းရင်းသား စာပေသင်ရိုးကို တိုင်းရင်းသား ပြည်နယ်များ အလိုက် သင် ကြားရန် စီစဉ်ထားပြီး ဖြစ်ပါသည်။ ဤကဲ့သို့ ကြိုတင် စီစဉ်ထားပြီးကာမှ အခြေခံ မူလတန်း အဆင့်တွင် တိုင်းရင်းသား ဘာသာ စာပေလည်း သင်ကြားခွင့်ရှိသည် ဆိုသည့်အဆို လူကြိုက်များနေခြင်း ဖြစ်နိုင်ဖွယ် ရှိပါသည်။
သို့သော် အစိုးရမှ မြန်မာမှု ပြုထားသည့် တိုင်းရင်းသား စာပေသည် တိုင်းရင်းသား စာပေကို ဖျက်ဆီးရာ ရောက်နေ သည်ကို သိရှိထားခြင်းမရှိပေ။ ၀ါကျတည်ဆောက်မှု၊ ဝေါဟာရ၊ လင်္ကာ မတူညီသည်ကို သတိမမူဘဲ ၄င်းတို့သင်ရိုး အတိုင်း ဘာသာပြန်ထားသဖြင့် စာပေ အသွားအလာ ညီညွတ်မှု မရှိသည့် အတွက် တိုင်းရင်းသား စာပေကို ဖျက်ဆီးရာ ရောက်နေခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရင်းသားစာပေ ပညာရှင် များက ဆိုပါသည်။
ထိုအပြင် မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ညီလာခံတွင် တိုင်းရင်းသား စာပေ သင် ကြားသင့်သည်ဟု အများစု သဘောတူ လက်ခံပါက တိုင်းရင်းသား ဘာသာစာပေကို အစိုးရကိုယ်စား တိုင်းရင်းသား များကသာ စီရင်ပိုင်ခွင့် ပေးသင့်သည် ဟု တိုင်းရင်းသား ပညာရှင်များက အကြံပြုထားပါသည်။ ဆန့်ကျင်သူများကမူ-
“ ပြည်နယ်မှာရှိတဲ့ ဗမာတွေ ကလည်း သူတို့ တိုင်းရင်းသား ဘာသာကို သင်ရမှာလား၊ သူတို့လဲ သင်ကြား ရမယ် ဆိုရင် သူတို့ ကလေးတွေ ခက်ခဲ ဖြစ်နေမှာလား လို့ စောဒကတက်သလို တိုင်းရင်းသားများကလည်း ဗမာ စာပေကို အတင်း သင်နေရတာကိုရော ထည့်မစဉ်းစားသင့်ဘူးလား” လို့ အပြန်အလှန် စောဒက တက်နေကြပါသည်။ ဤနေရာတွင် နှစ်ပေါင်းများစွာ ခံစား လာခဲ့ရသည့် တိုင်းရင်းများအား ကိုယ်ချင်းစာသင့် သည်ဟု ဆိုကြပါသည်။
မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို နိုင်ငံလုံးဆိုင်ရာ ပညာရေး ကွန်ရက်မှ ဦးဆောင်၍ ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်၊ ခဝဲခြံ မျက်မမြင် ကျောင်းအတွင်း၌ ဇွန်လ ၈ ရက် နေ့မှ ၉ ရက်နေ့ အထိ ၂ ရက်တာ ကျင်းပ ခဲ့ခြင်း ဖြစ်ပါသည်။
ယင်းညီလာခံသို့တိုင်းနှင့် ပြည်နယ် (၁၄) ခုမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊ ပညာရေး ဆိုင်ရာ ကွန်ရက်မှ ကိုယ်စား လှယ်များ၊ ကျောင်းဆရာ ဆရာမများ၊ ပညာရေးမှူးများ၊ တက္ကသိုလ် ပါမောက္ခများ၊ စာပေ ယဉ်ကျေးမှု အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း အယောက် (၁၀၀၀) ကျော် တက်ရောက်ဆွေးနွေး ခဲ့ကြပါသည်။
နိုင်ငံလုံး ဆိုင်ရာ ပညာရေး ကွန်ရက်ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့တွင် စတင် ဖွဲ့စည်း ထားပါသည်။ကွန်ရက် အဖွဲ့ဝင် များအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကွန်ရက်၊ ကျောင်းသား သမဂ္ဂ အဖွဲ့၊ ဆရာ သမဂ္ဂ အဖွဲ့၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ တက္ကသိုလ် ဆရာ ဆရာမများ အစည်းအရုံး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးသင်ကျောင်း များ၊ ခရစ်ယာန် အခြေပြု ဓမ္မ တက္ကသိုလ်နှင့် စာသင် ကျောင်းများ၊ တိုင်းရင်းသားပညာရေး အဖွဲ့အစည်းများ နှင့် အခြား ပညာရေး ဆိုင်ရာ အဖွဲ့အစည်းများ တို့ပါဝင် ကြပါသည်။