အစိုးရအဆက်ဆက် မြစ်ဆုံစီမံကိန်းလုံးဝရပ်ရန် ၈၈ တို့တောင်းဆို

အစိုးရအဆက်ဆက် မြစ်ဆုံစီမံကိန်းလုံးဝရပ်ရန် ၈၈ တို့တောင်းဆို
by -
မဇ္စျိမ

ယခုရပ်ဆိုင်းထားသော မြစ်ဆုံဆည်တည်ဆောက်မှုမှာ လက်ရှိ ဦးသိန်းစိန် အစိုးရ သက်တမ်းအတွင်း သာဖြစ်၍ နောက်လာမည့် အစိုးရအဆက်ဆက်တွင်လည်း အဆိုပါစီမံကိန်းအား အပြီးတိုင်ရပ်ဆိုင်းပေးရန် တရုတ်ပိုင် China power Investment (CPI) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ကိုမြအေး ဦးဆောင်သည့် အဖွဲ့က ဇွန်လ ၆ ရက်တွင် တောင်းဆို လိုက်သည်။

ကိုမြအေးဦးဆောင်သည့် အဖွဲ့ဝင် လေးဦးမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ ရောက်ရှိနေစဉ် မြစ်ဆုံစီမံကိန်းကို ဆောင်ရွက်ခဲ့သည့် CPI ကုမ္ပဏီမှ တာဝန်ရှိသူများအားတွေ့ဆုံပြီး ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဉ် ကိုမြအေးက ''မြစ်ဆုံဒေသသည် ကချင်ပြည်နယ်၏ အထင်ကရ အမှတ်တရနေရာဖြစ် ကြောင်း၊ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ယဉ်ကျေးမှု သမိုင်းပြယုဂ်ဖြစ်သဖြင့် မြန်မာတစ်မျိုးသားလုံးက အထူးတန်ဖိုးထားကြကြောင်း၊ ဧရာဝတီမြစ်ကို အသုံးပြု၍ မြန်မာနိုင်ငံအထက်အောက် ကုန်သွယ်စီးပွား ကူးသန်းရေး၊ ခရီးသွားလာရေး များအတွက် အားထားနေရကြောင်း'' ပြောကြားခဲ့သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။

ထို့ပြင် ''ဧရာဝတီမြစ်ဆုံနှင့် ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏နိုင်ငံရေး၊ သမိုင်းဆိုင်ရာယဉ်ကျေးမှုနှင့် စီးပွားကူးသန်း သွားလာရေးတို့အတွက် အဓိကအရေးပါသောကြောင့် အဆိုပါစီမံကိန်းကို လုံးဝရပ်ဆိုင်း ပေးရန်'' တောင်းဆို ခဲ့ကြောင်းလည်း ဆက်လက်ဖော်ပြ ထားသေးသည်။

မြစ်ဆုံစီမံကိန်းအား ဆက်လုပ်ရန် ၂ဝ၁၂ ခုနှစ် မတ်လအတွင်းက မြန်မာအစိုးရ ခေါင်းဆောင်များနှင့် CPI မှ အရာရှိများဆွေးနွေးခဲ့သည့် သတင်းများကြားသိရ၍ ကန့်ကွက်မှုများလည်း ထွက်ပေါ်ခဲ့ဖူးသည်။ လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆,ဝဝဝ ထုတ်လုပ်နိုင်မည့် ဒေါ်လာ ၃၆ သန်းတန် မြစ်ဆုံဆည်စီမံကိန်းဖော် ဆောင်ရခြင်းမှာ အမျိုးသားအကျိုး စီးပွားအတွက်ဟု ရာထူးမှ အနားယူသွားပြီဖြစ် သည့် လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းက ၂ဝ၁၁ ခုနှစ်အတွင်း က ပြောဆိုခဲ့ဖူးသည်။

မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ၂၇ မိုင်အကွာတွင် တည်ရှိပြီး စီမံကိန်းကို အမှတ် ၁ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်ပိုင် CPI တို့ အကျိုးတူဆောင်ရွက်ခဲ့ပြီး ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ တွင် စတင်ခဲ့သည်။