သံလွင်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် အမှတ် ၁၇၁ စစ်ဒေသ တောင်ပိုင်း ဝ တပ်ဖွဲ့ နှင့် မြန်မာစစ်တပ်တို့ကြား စစ်ရေးတင်းမာလျှက်ရှိသောကြောင့် နှစ်ဘက်တပ်အပြိုင် အင်အားဖြည့်နေ ကြောင်းစုံစမ်းသိရှိရသည်။
၂၀၁၃ ဂျွန် ရ ရက် နောက်ဆုံးထား၍ တောင်ပိုင်း ဝ တပ်ဖွဲ့များ မြောက်ပိုင်းတို့ တပ်ရုပ်ပြန်ရန် အစိုးရတပ် က ရာဇသံပေးထားကြောင်း၊ သို့သော် ဂျွန်လ ၂ ရက်နေ့ တောင်ပိုင်းဝ အစည်းအဝေး ကျင်းပရာတွင် တပ်ရုပ် ပြန်ရေးကိစ္စ ဆွေးနွေးခြင်းလုံးဝမရှိခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရတပ် ရာဇသံ အတိုင်း ဝ တပ်ဖွဲ့မှ တပ်ရုပ်ပြန်ခြင်း မရှိသောကြောင့် အစိုးရတပ်က သံချပ်ကာကား ၁၄ စီး လူအင်အားအပြည့် တင်ဆောင်သည့် စစ်ကားကြီး ၁၀ စီးကို တာချီလိတ်မြို့မှ (မိုင်းတုံ၊ မိုင်းဆတ်) မိုင်းတုမ်း မိုင်းကန်း၊ ထိုမှ တောင်ပိုင်း ဝ ဌာနချုပ်ဘက် အင်အားဖြည့်ခြင်းဖြစ်နိုင်ကြောင်း ဒေသအတွင်း သတင်းရပ်ကွက်က ဆိုသည်။
ဤကဲ့သို့ စစ်ရေး တင်းမာလာရခြင်းမှာ မြန်မာစစ်တပ် တပ်ရင်း ၃ ရင်းက တောင်ပိုင်း ဝ တပ်ဖွဲ့၏ ရာဘာစိုက်ခင်းများအား မေလနှောင်းပိုင်းက သိမ်းပိုက်လိုက်ခြင်းမှ စတင်လာကြောင်း သုံးသပ်သူများက လည်း ပြောသည်။
“မြန်မာစစ်တပ်က ဝ တပ်ရဲ့ ရာဘာစိုက်ခင်းကြီးဆီကို အင်အားအလုံးအရင်းနဲ့ တိုးဝင်တယ်။ ဝ ဘက်က နောက်ဆုတ်ပေးလိုက်တော့ သေနတ်တချက်လေးမှ မဖောက်လိုက်ရဘဲ ရာဘာစိုက်ခင်းကြီးကို ဗမာတပ်က သိမ်းပိုက်လိုက်တယ်၊ အဲသလိုနောက်ပိုင်း ဝ က ထိုင်းနယ်စပ်တကြောလုံး မှာ အင်အားအသင့်ပြင်ဆင်နေရာ ယူထားနေတယ်အခု” ဟု ၄င်းက ဆက်ပြောပါသည်။
ရာဘာစိုက်ခင်းအတွက် ပုံပါကျင်မြို့နယ်ခွဲအားကိုးရသည့် နမ့်ခဲမ်ချောင်းအား ဝ တပ်ဖွဲ့မှ ဖြတ်ယူသွယ်တန်း ရာ လူထုက သောက်သုံးရေ၊ လယ်ယာသုံးရေမရှိသည့် အတွက် အာဏာပိုင် များ ထံတိုင်ကြားခဲ့ဖူးသည်။ ထိုတိုင်ကြားမှုကြောင့် ၀ ရာဘာခြံကို မြန်မာအစိုးရတပ်က သွားရောက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။
ယခုစစ်တင်းမာနေချိန်တွင် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် တရုတ်နိုင်ငံမှ စစ်တိုက်ရဟတ် ယာဉ်များ တင့်ကားများ သံချပ်ကာကားများ ဝယ်ယူရရှိသည်ဟု သတင်းထွက်ပေါ်နေချိန်၊ ၀ခေါင်းဆောင် များက ဝ နယ်အား သျှမ်းပြည်နယ်မှ ခွဲထွက်ပြီး နေပြည်တော်လက်အောက်ခံ သီးသန့် ပြည်နယ်တည် ထောင်ခွင့်ပြုရန် တောင်းဆိုနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။