ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းအား တရုတ်နို်င်ငံ လျှပ်စစ်ဓါတ်အား ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPI) မှ ပြန်လည်စတင်ရန် ကြိုးစားနေမှု များအပေါ် ကချင်လူမှု ဖွံ့ဖြိုးကွန်ယက် (KDNG) ကကန့်ကွက်ရှုံ့ ချလိုက်သည်။
ပီကင်းရုန်ဇီ လူမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က လူမှုရေးရာ တာဝန်ခံ အစီရင်ခံစာ (CSR) အတွက်
ပြောင်းရွှေ့ခံ ရွာသား ၄ ဦးအား တွေ့ဆုံ၍ မေးခွန်းများ ဖြည့်ခိုင်းခဲ့သည်ဟု KDNG က ဆိုပါသည်။
“CPI ငှားထားတဲ့ အဖွဲ့ပဲ။ လူမှုရေးအကျိုးသက်ရောက်မှုတွေက ဒေသစီးပွားရေးနဲ့ ပတ်ဝန်းကျင် အကျိုးသက်ရောက် မှုတွေက ဒီစီမံကိန်း ပိုပြီးကောင်းမွန်အောင် လုပ်ဆောင်နေတဲ့ အစီရင်ခံစာ ထုတ်ဖို့ လုပ်နေတာ။ ဒါလုပ်တာကမြစ်ဆုံရေကာတာ ပြန်စတင်ဖို့ လုပ်နေတာလို့ပဲလို့ မြင်တယ်” ဟု KDNG မှ ဒေါ်ဆိုင်းမိုင်က ပြောသည်။
မေးခွန်းများ မေးမြန်းစဉ်အတွင်း CPI ဝန်ထမ်းများလည်း ပါဝင်နေသဖြင့် ထိုအဖွဲ့အား CPI မှ ငှားရမ်းထားခြင်း ကိုဖြစ်မည်ဟု ဆိုသည်။
“ကျမတို့က ဒီအဖွဲ့နဲ့ မေးခွန်းတွေ အသွားအလာရှိတယ်။ သူတို့အဖွဲ့က CPI က ငှားတယ်ဆိုပြီး သူတို့ မပြောဘူး။ သူတို့က ပီကင်းက ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာ ပြောတယ်။ နောက် ဒေသခံတွေနဲ့ သွားတွေ့တဲ့ အချိန်မှာ CPI လူတွေလည်း ပါတယ်” ဟု သူက ဆက်ပြောသည်။
ထိုအဖွဲ့သည် မြစ်ဆုံ ရေကာတာ စီမံကိန်းတည်ဆောက်ရန် ပိုမိုကောင်းမွန်တိုးတက်အောင် မည်သို့ လုပ်ဆောင်နိုင်ကြောင်းကို မြန်မာဘာသာဖြင့် ရေးထား သော မေးခွန်းစာရွက်အား ဖြည့်ခိုင်းခဲ့သည်ဟု ဆိုသည်။
မေးမြန်းလွှာ ရှင်းလင်းချက်တွင် လူရေးတာဝန် အစီရင်ခံစာ ထုတ်ပြန်ရသည့် ရည်ရွယ်ချက်မှာ “လုပ်ငန်းဆောင်ရွက် ရာတွင် ဒေသ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများကို ပိုမိုထည့်သွင်း စဉ်းစားစေရန် တွန်းအားပေးနိုင်၍” ဟု ရေးသားထားသည်။
ထို့ပြင် မေလအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ခရီးစဉ်အတွင်းမြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ တရုတ် အစိုးရက ဆွေးနွေးပြောဆိုခဲ့မှုများ ရှိနေသဖြင့် CPI အနေဖြင့်မြစ်ဆုံ စီမံကိန်းအား ပြန်လည် တည်ဆောက်ရန် တာစူနေခြင်း ဖြစ်သည်ဟု ဆိုသည်။
ထိုအစီရင်ခံစာကို မြန်မာ၊ တရုတ်၊ အင်္ဂလိပ်ဘာသာများဖြင့် ထုတ်ပြန်မည်ဖြစ်သော်လည်း မည်သည့်နေ့တွင် ထုတ်ပြန်မည်ကို KDNG မှ ပီကင်းရုန်ဇီအဖွဲ့ထံ မေးမြန်းခဲ့သော်လည်း ဖြေကြားခြင်း မရှိခဲ့ကြောင်း ဒေါ်ဆိုင်းမိုင်ကပြောသည်။
“တရုတ်က မြစ်ဆုံရေကာတာ အကြိမ်ကြိမ် ကြိုးစားနေတယ်။ ခုလည်း ဒီအဖွဲ့က အစီရင်ခံစာ ထွက်လာဖို့ လုပ်နေတယ်။ ဒီလို နို်င်ငံတကာ စံချိန်စံညွန်းတွေကို မလိုက်တာဘူး။ ဒီလို စည်းစနစ်မကျဘဲ လုပ်တဲ့အပေါ်
ဝေဖန်ရှုံ့ချတယ်။ ဒီလို ပြန်ကြိုးစားနေတာကို ဦးသိန်းစိန်အစိုးရ အနေနဲ့ ဒီလိုလုပ်ငန်းတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုတယ်” ဟု မဇ္စျိမကို ပြောသည်။
ဒေသခံများ၊ ပညာရှင်များနှင့် စာပေအနုပညာရှင်များအပါအဝင် ကန့်ကွက်မှုများကြောင့် ထိုစီမံကိန်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလက ရပ်ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။
စီမံကိန်း ပူးပေါင်းဆောင်ရွက်ရန်၊ စစ်တမ်းကောက်မေးခွန်းများ မေးမြန်းရန် မလိုဘဲ ဒေသခံတို့၏တို့၏ မြေယာများကိုသာ ပြန်လည် ရရှိရန်သာ လိုအပ်နေကြသည်ဟု KDND က တောင်းဆိုသည်။