ကယားပြည်နယ်မှ ဖားဆောင်းမြို့နယ်မှ သံလွင်မြစ်ကူးတံတား တည်ဆောက်မှုအခြေအနေမှာ တခြားတိုင်းဒေသကဲ့သို့ အထောက်အကူဖြစ်စေတဲ့ သင်္ဘောများ မရှိတဲ့အတွက် မိုးတွင်းတွင် ရေလယ်၌ တံတားတည်ဆောက်မှု အန္တရာယ်အရမ်းများတယ်လို့ ဆိုပါတယ်။
မိုးတွင်း၌ ရေလယ်တွင် တူးဖော်ရေးလုပ်ငန်း မပြုလုပ်နိုင်သေး၍ ဦးစွာ ကမ်းစပ်ဘက်မှ လုပ်ငန်းများကိုသာ ဆောင်ရွက်ထားရတယ်လို့ အငယ်တန်း မြို့ပြအင်ဂျင်နီယာ ဦးမြင့်ကိုက ယခုလို ပြောပါတယ်။
ကယားပြည်နယ် ဖားဆောင်းမြို့နယ်တွင် သံလွင်တံတား တည်ဆောက်နေမှု အခြေအနေ မြင်တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)
"ပြည်နယ်ကနေ ထိုင်းနဲ့မြန်မာနဲ့လမ်းကိုစပြီး အကောင်အထည်ဖော်နေတာပေါ့နော် ပြည် နယ်ဆောက် လုပ်ရေး ဌာနက လုပ်တယ်။ အခက်အခဲကတော့ ဒီဒေသမှာသွားရေး လာရေးက ရေလယ်မှာ လုပ်ငန်းလုပ်ဖို့ ကိစ္စကို အထောက်အကူပြုဖို့ သင်္ဘောတွေ ဘာတွေ ဘာမှမရှိဘူး ရေစီးက သန်တော့ လုပ်ရတာ အဲဒီရေထဲမှာက ခက်ခဲဖြစ်တယ်။ အခုလက်ရှိက ကမ်းစပ်မှာတူးတော့ ဘာမှမဖြစ်ပေမဲ့ ရေလယ်မှာဆိုရင်တော့ အခက်အခဲဖြစ်တယ်။ မိုးတွင်းမှာတော့ ဟိုဘက်ကမ်းတူးဖို့လဲ လုပ်ထား တယ်။ ရေလယ်မှာမတူးဘူး ဘာကြောင့်လဲဆိုတော့ သူ့ကိုအထောက်အကူပြုမည့် ပိုက်တွေမရှိလို့ မတူးရဲဘူး ရေစီးကလည်းသန်တယ်။ မိုးတွင်းမှာရေက မြင့်တယ် ရေစီးတအားသန်တဲ့ မြစ်ဆိုတော့ မိုးတွင်းတော့ ရေလယ်မလုပ်ဘူးကမ်းပေါ် ဘက်ဘဲ တက်လုပ်တယ်"
အဆိုပါ တံတား နှင့် ပတ်သက်၍ ပြည်သူများက လွှတ်တော်တစ်ရပ်မှ တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောက်လုပ်နေတာ ဖြစ်ပါတယ်။
ဦးမြင့်ကိုက “တံတားကို ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒီဒေသရဲ့ ဖွံ့ဖြိုးမှု နှင့် လမ်းပန်းဆက်သွယ်ရေး ချောမွေ့ဖို့ နဲ့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းပြီးတော့ ဒီကနေ အထွက်မှာ တောင်ငူဖက်ကို သွားနိုင်တဲ့ လမ်းပန်းချောမွေ့သွားမှာ အဲဒီ ရည်ရွယ်ချက်နဲ့ ဆောက်တာပေ့ါ၊ ဘယ်သူမှ ကန်ထရိုက်မယူဘူး၊ ဒီမှာကတော့ အခု ဆောက်လုပ်ရေးဝန်ကြီးဌာန ကနေ တာဝန်ယူပြီးဆောက်လုပ်ထားတာ“ လို့ ပြောပါတယ်။
ယင်းတံတားပြီးစီးသွားပါက ထိုင်းနှင့်မြန်မာ ကုန်ကူးသန်းသွားလာရေးအတွက် နယ်စပ်လမ်းတခု ဖြစ်လာမှာဖြစ်ပြီး ဖားဆောင်း မှ မယ်စဲ ဒေသခံအတွက်လည်း သွားလာရ လွယ်ကူသွားမှာ ဖြစ်ပါတယ်။
ယခုလို တံတားကို ဆောက်လုပ်ပေးရန်အတွက် ဒေသခံများရဲ့ တောင်းဆိိုမှု နှင့် စိတ်သဘောထားကိုလည်း ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါ်ညိုစန်းက အခုလို ပြောကြားသွားပါတယ်။
“တောင်းဆိုထားတာ ကြာပြီ၊ အခုလို ဆောက်ပေးတာ ၀မ်းသာတာပေ့ါ၊ အခုက တံတားမရှိလို့ရှိရင် မယ်စဲ သွားမယ်ဆိုရင် အခက်အခဲရှိမယ်၊ ဆိုင်ကယ်ကို စက်လှေနဲ့ကူးမယ်ဆိုရင် မ, တင်အုံး ချအုံးနဲ့ အခုက အကုန်အဆင်ပြေပြီ” လို့ ပြောသွားပါတယ်။
အကယ်၍ ဒီတံတား ပြီးစီးသွားလျှင် ယခင်က ခရီးသွားသကဲ့သို့ စက်လှေဖြင့် သွားလာရာ မဟုတ်ပဲ တိုက်ရိုက်လွယ်ကူစွာ သွားလာနိုင်ကြောင်း သိရှိရပါတယ်။
ဤတံတားကို တိုင်းဒေသ ရန်ပုံငွေ နှင့် အစိုးရ ရန်ပုံငွေ ဖြင့် ဆောက်လုပ်ထားပြီး ခန့်မှန်းခြေအရ ကုန်ကျစရိတ် သန်းလေးထောင်ငါးဆယ် ကုန်ကျမှာဖြစ်ပါတယ်။ သံလွင်တံတား (ဖားဆောင်း)မှာ သံမဏိသံဘောင် သံကူကွန်ကရစ်တံတား ဖြစ်ပြီး အရှည်က ပေ ၁၂၆၀ ရှိပါတယ်။ တံတားက (၁)နှစ်ခွဲ စီမံကိန်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် (၂)လ ပိုင်းမှ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းဝန်ကြီး ဌာနက စတင်တာဝန်ယူ ဆောက်လုပ်လေ့ရှိပြီး ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း အပြီး တည်ဆောက်မည် ဖြစ်ပါတယ်။ အခုချိန်တွင် ၄၀ ရာခိုင်နှုန်း တည်ဆောက်ပြီးစီးကြောင်း သိရှိရပါတယ်။