ဆုံရပ် မရှိသည့် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီ

ဆုံရပ် မရှိသည့် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီ
by -
ရွှေဟင်္သာ

အပစ်အခတ် ရပ်စဲရေးမှ တပါးကွဲပြားသော သဘော တူညီချက်များကို လက်မှတ်ရေးထိုးပြီး အကောင်အထည် ဖေါ်ခြင်း မရှိသေးသည့် တိုင်းရင်းသား အဖွဲ့များအား ဇွန်လ အတွင်း တွေ့ဆုံရန် ရှိနေကြောင်း အစိုးရ တာဝန် ရှိသူများသည် မီဒီယာများအား ထုတ်ဖေါ်နေခြင်း ပြောဆို နေခြင်း အပေါ် မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ဆိုပါသည်။

“ အစိုးရ ကိုယ်စားလှယ်တွေကတော့ ပြောနေတာဘဲလေ။ ဒါပေမဲ့ ကျနော်တို့ဆီ တရားဝင် ဘာမှပြောထားတာ မရှိဘူး။ ကျနော်တို့ ဘာမှ မသိသေးဘူး”ဟု ကရင် အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း ကဆိုပါသည်။

ဆုံရပ် မရှိသည့် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီ

အစိုးရ ကိုယ်စားလှယ်များကမူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရန် ကြိုတင် ပြင်ဆင်သည့် အနေဖြင့် အကြိုတွေ့ဆုံဆွေးနွေးရန် ရည်ရွယ်သည်ဟု ဆိုပါသည်။

အစိုးရ ကိုယ်စားလှယ်များသည် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၊ ကရင် အမျိုးသား အစည်းအရုံး (KNU) ၊ ကရင်နီ တိုးတက်ရေး ပါတီ (KNPP) ၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) အဖွဲ့တို့နှင့် ဇွန်လတွင်း တွေ့ဆုံကြမည်ဖြစ်ကြောင်း မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှ ဦးလှမောင်ရွှေနှင့် ကိုအောင်နိုင်ဦး တို့မှ ပြည်တွင်းပြည်ပ မီဒီယာများအား ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် မည်သည့် အဖွဲ့များကိုမှ နေ့ရက် အတိအကျဖြင့် တရားဝင် အကြောင်းကြားထားခြင်း မရှိသေးကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များက ဆိုကြပါသည်။ အစိုးရဖက်ကမူ တစ်ပတ်အတွင်း မြစ်ကြီးနားမြို့၌ KIO Technical Team နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ဆိုပါသည်။

KIO အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ လဂျာကမူ “တွေ့ဖြစ်ရင်လဲ Technical Team နဲ့ဘဲ တွေ့ဖြစ်မှာပါ။ ဘယ်နေ့ တွေ့မယ် ဘယ်နေရာ တွေ့ကြမယ် ဆိုတာ အစိုးရ ဘက်က ဘာမှအကြောင်းကြား တာ မရှိသေးဘူး” ဟု ဆိုပါသည်။

KNU အဖွဲ့ကမူ အစိုးရ ဘက်မှ ကမ်းလှမ်းလာခြင်း မရှိသေးကြောင်း၊ တွေ့ဖြစ် ခဲ့လျှင် ယခင်ဆွေးနွေးပွဲတွင် မပြီးပြတ် သေးသည့် နှစ်ဖက် တပ်ဖွဲ့များ လိုက်နာ ရမည့် ကျင့်ဝတ် (Code of Ethnic) များကို ပြန်လည်ဆွေးနွေး မည်” ဟု ဆိုပါ သည်။

KNPP အတွင်းရေးမှူး (၁) ဖြစ်သူ ခူဦးရယ် ကမူ ဇွန်လ တတိယပတ် အတွင်း တွေ့နိုင်ရန် မျှော်လင့် ထားကြောင်း ဆိုပါသည်။

အလားတူ RCSS/SSA ကလည်း“ဇွန်လ ၁ ရက်နေ့က သမ္မတနဲ့ တွေ့ဖို့ ဦးအောင်မင်း ဖိတ်စာ တစောင် ပေးလာ တာတော့ ရှိတယ်။ ဇွန်လ ၁၀ ရက်နေ့ နောက်ပိုင်း နေပြည်တော်မှာ လာတွေ့ နိုင်ကြောင်း ဆိုထားပေမဲ့ ဘယ်နေ့ တွေ့မယ် ဆိုတာ နှစ်ဖက် ရက်သတ်မှတ်ထားတာ မရှိသေးဘူး” ဟု အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် ကဆိုပါသည်။

ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော်(DKBA)ကမူ  “အပစ်ရပ် လက်မှတ် ထိုးထားပြီး ကတည်းက ပြန်လာတွေ့တာ မရှိတော့ဘူး။ ဆက်ဆွေးနွေးဖို့ ကျန်နေတဲ့ အချက်တွေလည်း လာမဆွေးနွေးတော့ဘဲ ဒီအတိုင်း ထားခဲ့မှုမျိုး ခံရတာ ကျနော်တို့လဲပါတယ်” ဟုဆိုပါသည်။

ဤအခြေအနေမျိုးတွင် အစိုးရသည် ဇူလိုင်လ အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ရန် တိုင်းရင်းသား အားလုံး ပါဝင်သည့် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပပေးမည်ဟု ဝန်ကြီး ဦးအောင်မင်းက ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့ မြစ်ကြီးနားမြို့တွေ့ဆုံပွဲ ၌ ပြောကြားခဲ့ပါသည်။

သို့သော် အစိုးရသည် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အားလုံးကို အပစ်အခတ် ရပ်စဲထားခြင်းမျိုး မဟုတ်ပေ။ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ကယန်းပြည်သစ် ပါတီ၊ ရခိုင် အမျိုးသား တပ်မတော် စသည့် အဖွဲ့များကိုမူ အပစ်အခတ် ရပ်စဲရေးပင် ကမ်းလှမ်းမှု မရှိခဲ့ပေ။

ထို့အပြင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၄င်းတို့ သဘော တူထားသည့် သဘော တူညီချက်များကိုလည်း အကောင် အထည် ဖေါ်ခြင်း မရှိသေးသလို တိုက်ပွဲများပင် ဖြစ်ပွားခဲ့ပါသည်။

ဤသို့ကြောင့် သဘော တူညီချက်များကို လျစ်လျူရှုပြီး တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရန် အစိုးရ၏ ကြိုးပမ်းမှုသည် အမြတ် ထုတ်မှု တစ်ရပ်သာ ဖြစ်နိုင်ဖွယ် ရှိသည်ဟု အဖွဲ့အစည်းများက ယူဆနေပါသည်။ အကြောင်းမှာ အစိုးရသည် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေး အရ ဆွေးနွေးလိုခြင်း မရှိသည့် အတွက်  ကွက်ကျော် ဖျက်ဆီး လိုခြင်းသာ ဖြစ်ဖွယ်ရှိပါသည်။

Most read this week