ရာသီဥတု ပြောင်းလဲမှုမှာ နေရပ်ရွှေ့ပြောင်းလုပ်ကိုင်ရမှု၏ အကြောင်းတရပ်ဟု အစီရင်ခံစာဆို

ရာသီဥတု ပြောင်းလဲမှုမှာ နေရပ်ရွှေ့ပြောင်းလုပ်ကိုင်ရမှု၏ အကြောင်းတရပ်ဟု အစီရင်ခံစာဆို
by -
မဇ္စျိမ

သဘာဝ ပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲလာမှုမှာ ဒေသတွင်း နေထိုင်သူများ၏ အသက်မွေးဝမ်း ကြောင်းဆိုင်ရာ အလုပ်အကိုင်များနှင့် နေရာရွှေ့ပြောင်း လုပ်ကိုင်ရခြင်းအပေါ် သက်ရောက်မှု ရှိနေကြောင်း အစီရင်ခံစာတစောင်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည်။

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရာသီဥတုပြောင်း လဲမှုနှင့် ရွှေ့ပြောင်းလုပ်ကိုင်မှု (Climate Change and Migration) အမည်ရှိ အစီရင်ခံစာကို မဲခေါင်ဒေသရွှေ့ပြောင်း အလုပ်သမားများကွန်ယက် (MMN) က ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်ဟု MMN ၏ Information and Advocacy Officer ဒေါ်ခွန်ဆာမွန်းထွယ် က ပြောသည်။

“ရာသီဥတု ပြောင်းလဲတာက ရွှေ့ပြောင်းလုပ်ကိုင်မှုအပေါ်မှာ အကျိုးသက်ရောက်ရှိတယ်။ အဲဒါက အကျိုး သက်ရောက်မှု အများကြီးထဲက တခုအပါအဝင် ဖြစ်တယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ပတ်ဝန်းကျင် က ပြောင်းလဲလာတယ်။ အဲဒီပြောင်းလဲမှုကြောင့် လူတွေမှာ သူတို့ လုပ်ကို်င်နေထိုင်မှုတွေ၊ အသက်မွေး ဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်လာတဲ့ အချိန်မှာ တခြားနေရာကို ရွှေ့ပြောင်းသွားတယ်” ဟု ဆိုပြောသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် လူဦးရေနှုန်း ပိုမိုများပြားနေမှုကို တွေ့ရှိရသဖြင့် ရာသီဥတု ပြောင်းလဲမှုကြောင့်လည်း သက်ရောက်မှုများ ရှိနေမှုကို သိရှိရန် လေ့လာခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

“မဲခေါင်းဒေသက နိုင်ငံတွေက ရာသီဥတု ပြောင်းလဲမှုရဲ့ ဆိုးကျိုးတွေ တော်တော်ခံစားရတာကို တွေ့ရတယ်။ ဥပမာ မကွေးတိုင်းဒေသမှာ မိုးခေါင်ရေရှားတာတွေ အရင်ကထက် ပိုဖြစ်လာတယ်။ ဒါတွေက ရာသီဥတု ပြောင်းလဲမှုရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်တဲ့အတွက် ကျမတို့အနေနဲ့ ဒီရာသီဥတု ပြောင်းလဲလာမှုနဲ့ ဆက်စပ်တဲ့ ရွှေ့ပြောင်း အလုပ်လုပ်ကိုင်မှုကို သုတေသန ပြုလုပ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

သဘောဝ ပတ်ကျင်းကျင် ယိုယွင်းပျက်စီးလာမှုက ဒေသခံ ပြည်သူများအား နေရပ် ပြောင်းရွှေ့လုပ်ကိုင်ရန် ဖြစ်လာစေသော အဓိက အရေးပါသော အချက်တချက်အဖြစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များက တွေ့မြင်၍ မြန်မာနိုင်ငံတွင်လည်း ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်၍ သုတေသန လုပ်လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

ကွင်းဆင်းလေ့လာမှုကို မြန်မာနိုင်ငံ အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တခုဖြစ်သော ECODEV နှင့် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမားများအား အကူအညီပေးရေးဆိုင်ရာ အဖွဲ့ Foundation For Education and Development တို့က တာဝန်ယူခဲ့သည်ဟု ECODEV စီမံကိန်း တာဝန်ခံ ကိုကြံတိုင်းအောင် က ပြောသည်။

“ဒါက ခုမှ စမ်းလုပ်ကြည့်တာ။ သူတို့ ရည်ရွယ်ထားတာက ဒါမျိုးဟာကို ကျယ်ကျယ်ပြန့်ပြန့် လုပ်မယ်။ ခုဟာက ရွာတရွာပဲ လုပ်တာကိုး။ တနိုင်ငံလုံး လုပ်နိုင်ခဲ့သည်ရှိသော် ဒီလို နေရပ် ရွှေ့ပြောင်းရတာ ဘယ်လို အကြောင်းတွေကြောင့်ပါ ဆိုတာကို ပြည်သူတွေကိုရော၊ အစိုးရကိုရော ပြန်ပြီး ချပြလို့ရတာပေ့ါ။ တချို့က ဒီမှာ ရပ်တည်လို့ မရဘူး။ မဖြစ်မနေ ပြောင်းရမယ့်ဟာမျိုးတွေ လျော့ပါးသွားအောင် ပေါ်လစီတွေ ချလာနို်င်မယ်ဆိုရင် လူတွေက သွားစရာအကြောင်း မရှိဘူး။ နည်းသွားနိုင်တာပေါ့” ဟု မဇ္စျိမကို ပြောသည်။

ရေရှားပါးမှုနှင့် သဘောဝ ပတ်ဝန်းကျင် ပြောင်းလဲမှု ဒဏ်ကို ခံစားနေရသော မကွေးတိုင်းရှိ မန်ကျည်း ခြေထောက်ကျေးရွာမှ အိမ်ခြေ ၅၀ ကို စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။

လူအများစုမှာ စီးပွားရေးဆိုင်ရာ အခက်အခဲကြောင့်ဟု ဆိုကြသော်လည်း လယ်မြေများနှင့်ဒေသထွက်ပစ္စည်း များကို မှီခို၍ စီးပွားရှာနေရသော ဒေသခံများအတွက် အထွက်နှုန်းနှင့် ဝင်ငွေလျော့ကျလာရခြင်းမှာ သဘောဝ ပတ်ဝန်းကျင် ပြောင်းလဲလာမှုများနှင့် တိုက်ရိုက် ဆက်စပ်နေသည်ကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။  

လေ့လာတွေ့ရှိချက်အရ ယင်းဒေသတွင် ရေကြီး ရေလျှံခြင်း၊ မုန်တိုင်းနှင့် မိုးကြီးခြင်း စသော ပုံမှန်မဟုတ် သော ရာသီဥတု ဖြစ်စဉ်များ ကြံုတွေ့ရသဖြင့် ဒေသခံပြည်သူများအပေါ် ရိုက်ခတ်မှုမှာ ကြွေးမြီများ တင်လာခြင်း၊ ဝင်ငွေလျော့ကျလာခြင်း၊ အလုပ်အကိုင် ဆုံးရှုံးခြင်း၊ အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြံုတွေ့ရခြင်း၊ သီးနှံအထွက်နှုန်း လျော့ကျလာခြင်းများ ရင်ဆိုင်ရသည်ကို တွေ့ရသည်ဟု ဆိုသည်။

အဓိက ရိုက်ခတ်မှုမှာ အလုပ်အကိုင် ရှားပါးမှု၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲလာမှုနှင့် ဝင်ငွေနည်းပါး မှုတို့ကြောင့် မိမိနေရပ်မှ တခြား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့သို့ ရွှေ့ပြောင်း အခြေချလုပ်ကိုင်ခဲ့ကြ သည်ဟု အစီရင်ခံစာ တွင် ဖော်ပြထားသည်။

လာမည့် နှစ်များတွင် နေရာ ရွှေ့ပြောင်း လုပ်ကိုင်မှုများ တရွေ့ရွေ့ တိုးပွားလာနိုင်လာမည်ဟု ခန့်မှန်းရ သော်လည်း မည်မျှတိုးပွားလာမည်ကို အတည်ပြုနိုင်ရန် မဖြစ်နိုင်သေးဘဲ မြန်မာနိုင်ငံတွင်လည်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုသာမက အလယ်ပိုင်း ဒေသတွင် မိုးခေါင်ရေရှားမှုနှင့် ကန္တာရဆန်ဆန်ခြောက်သွေ့မှု များ ကြံုတွေ့နေရ သည်ဟု ဆိုသည်။

ထိုကြောင့် ဒေသခံများကို အလုပ်အကိုင်သစ်များ ဖန်တီးပေးရန်၊ ၎င်းအတွက် လိုအပ်သည် သင်တန်းများ ပို့ချပေးရန်၊ ငွေကြေးဆိုင်ရာ အကူအညီများနှင့် ချေးငွေများ ချထားပေးရန်၊ ဒေသခံ ပြည်သူများ ဘေးကင်း လုံခြံုစွာ နေနိုင်ရေးအတွက် အစိုးရမှ လိုအပ်သည့် အကူအညီများ ပေးရန်တို့ကို အကြံပြုကြထားသည်။

၎င်းအစီရင်ခံစာကို Rockefeller Foundation ၏ ထောက်ပံ့မှုဖြင့် MMN နှင့် ASian Migration Centre (AMC) တို့ ပူးပေါင်းကာ မဲခေါင်မြစ်ဝှမ်းဒေသတွင်းရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကို လေ့လာရန်နှင့် ဒေသတွင်း နေထိုင် သူများနှင့် နေရပ်ရွှေ့ပြောင်းလုပ်ကိုင်မှုများအပေါ် ရိုက်ခတ်မှု ရှိသည်ကို လေ့လာရန် စီမံချက်တခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ဒေသနေ ပြည်သူများ ခံစားရသည့် ပတ်ဝန်းကျင် ပြောင်းလဲမှု၏ ဆိုးကျိုးများကို လေ့လာရန်၊ ဒေသခံများ၏ လူနေမှုဘဝကို ထိုဆိုးကျိုးများ၏ ရိုက်ခတ်မှု၊ ပတ်ဝန်းကျင်ပြောင်းလဲမှု ဆိုးကျိုးများကြောင့် နေရာ ရွှေ့ပြောင်း လုပ်ကိုင်မှု ဖြစ်စဉ်များအပေါ်တွင် အကျိုးသက်ရောက် မှုနှင့် နေရပ်ရွှေ့ပြောင်း လုပ်ကိုင်မှု ဖြစ်စဉ်ကို အားပေးသည့် အခြားအကြောင်းအရာများကို လေ့လာရန် ဖြစ်ကြောင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇွန်လ ၄ ရက်နေ့က ကျင်းပသော MMN ၁၀ နှစ်ပြည့် အခမ်းအနားတွင် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ် သမားများကို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည် ပို့ဆောင်ခြင်း စသည့် အစီရင်ခံစာများကို ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ ကိုယ်စားလှယ်များက တင်ပြခဲ့ကြသည်။

အလားတူ ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသတွင်းရှိ Can Th မြို့၊ Vinh Thanh မြို့နယ်၊ Thanh An လူမျိုးစုနေထိုင်နယ်မြေများတွင် ကွင်းဆင်းလေ့လာခဲ့သည်။

မဲခေါင်ဒေသတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ယူနန်ဒေသနှင့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတို့ ပါဝင်သည်။