နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေး UNFC ပြင်ဆင်

နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် သတ်မှတ်ရေး UNFC ပြင်ဆင်
by -
ရွှေဟင်္သာ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ကိုယ်စားလှယ်များနှင့်  ဒုတိယ အကြိမ် အလွတ် သဘော  တွေ့ဆုံ ဆွေးနွေးသည့် အခါ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးရေး မူဘောင် တစ်ရပ် ချမှတ် နိုင်ရေးအတွက် ဦးတည် ဆွေးနွေးသွားမည် ဖြစ်ကြောင်း UNFC အဖွဲ့၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒေးဗစ်တာကပေါက ပြောသည်။

UNFC သတင်းစာ ရှင်းလင်းပွဲ ကျင်းပပုံ (ဓါတ်ပုံ ရွှေဟင်္သာ)

“ အစိုးရနဲ့ ကျနော်တို့ အလွတ် သဘောဘဲ တွေ့တာ ရှိခဲ့ ကြတယ်။ တွေ့တိုင်းမှာလည်း ဆွေးနွေး ရမယ့် မူဘောင်တွေ သတ်မှတ်တာမျိုး မရှိဘူး။ ဒီတစ်ကြိမ် အလွတ် သဘော ပြန်တွေ့ရင် တရားဝင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ လုပ်တဲ့ အခါ ဘယ်မူဘောင်ပေါ်မှာ ဆွေးနွေး ကြမှာလဲ ဒါနဲ့ စပြီး ဆွေးနွေး ကြရပါမယ်။ ” ဟု ဆိုပါသည်။

UNFC သည်  ဇွန်လ အတောအတွင်းမှာပင် အစိုးရ ကိုယ်စားလှယ် များနှင့် တွေ့ဆုံ ဆွေးနွေးရန် ရှိပါသည်။ ဤသို့ ကြောင့် UNFC သည် ပြီးခဲ့သည့် ဇွန်လ (၁) ရက် နေ့မှ (၃) ရက် နေ့အထိ အရေးပေါ် အစည်းအဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပ ခဲ့ခြင်း ဖြစ်ပါသည်။

ယင်းအရေးပေါ် အစည်းအဝေးတွင် UNFC သည် ပြီးခဲ့သည့် ကချင် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ မြစ်ကြီးနား တွေ့ဆုံ ဆွေးနွေးပွဲ ရလာဒ်ကို ပြန်လည် သုံးသပ် ခဲ့ပါသည်။ ထို့အပြင် အစိုးရကိုယ်စားလှယ်များ နှင့် အလွတ်သဘော တွေ့ဆုံ ကြသည့်အခါ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ချမှတ် နိုင်ရေးကိုလည်း ကျယ်ကျယ် ပြန့် ပြန့် ဆွေးနွေး ခဲ့ကြပါသည်။

KIO နှင့် အစိုးရတို့၏ မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်ကို သုံးသပ်ရာ၌ UNFC သည်  ပထမ ဦးစားပေး အဆင့် အနေဖြင့် ကချင် စစ်ပြေး ဒုက္ခသည်များ အရေးကို  ဦးစွာ ကိုင်တွယ် သင့်ကြောင်း သဘောထားကြပြီး သက်ဆိုင်ရာ များအား အကြံပေးခဲ့ကြပါသည်။  http://phophtawnews.org/burmese/index.php/news/internal-news/item/346-unfc.html

UNFC အဖွဲ့သည် နိုင်ငံရေးအရ အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ အခြေခံရမည့် လမ်းညွှန် မူ ၆ ချက် နှင့် မူဘောင် ချမှတ် ထားပြီးဖြစ်ပါသည်။ အလားတူ အစိုးရ ဘက်မှလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါ ပြည်နယ် အဆင့် လမ်းညွန်မူ ၅ ချက်နှင့် ပြည်ထောင်စု အဆင့် လမ်းညွန်မူ ၈ ချက် မူဘောင်ဖြင့်၂၀၁၂ ခုနှစ် မေလ ကတည်းက နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ထားပြီး ဖြစ်ပါသည်။

“ ကျနော် သိရသလောက်တော့ တွေ့ဆုံ ဆွေးနွေးရေး မူတွေက ပြဌာန်း ထားတဲ့ ဥပဒေတွေ မဟုတ်ပါဘူး။ လမ်းညွန်ချက် တွေသာ ဖြစ်တယ်။ လိုအပ် သလို ပြင်ဆင်ပေးလို့ ရပါတယ်။ ဦးအောင်မင်းက ငြိမ်းချမ်းရေး ရဖို့ ဆိုရင် ဘယ်ဟာမှ ပိတ်မထားဘူး။ ပြောင်းလဲ ပေးဖို့ အဆင်သင့် ရှိနေတယ် ဆိုတာ မြစ်ကြီးနား တွေ့ဆုံပွဲမှာ သူက ကျနော် တို့ကို ရှင်းပြ ထားခဲ့တယ်” ဟု ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှ ပြောခွင့်ရ ဦးလှမောင်ရွှေက ဆိုပါသည်။

သို့သော်လည်း အစိုးရ ကိုယ်စားလှယ်များသည် ချမှတ်ထားသော မူဘောင်ကို ပြုပြင်ခြင်းထက် ထိုသတ်မှတ်ချက်  အတိုင်း မဖြစ် ဖြစ်လာရန် အားသွန် ခွန်စိုက် လုပ်ဆောင်ပေးရမည့် သဘောများသာ ဖြစ်သွားကြသည်ဟု ဝေဖန်ကြပါသည်။

ဤသို့ကြောင့် လမည့် UNFC နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် တို့၏ တွေ့ဆုံပွဲတွင် ယင်းမူဘောင် နှစ်ခုကို အလျော့ အတင်း ပြု၍ နှစ်ဖက် လက်ခံ နိုင်ဖွယ်ရာ မူဘောင် တစ်ခု ဖြစ်လာရေး အဓိကညှိနှိုင်း ဆွေးနွေး သွားရမည်ဖြစ်ကြောင်း ဒေးဗစ်တာကပေါက ဆိုသည်။

၀န်ကြီး ဦးအောင်မင်းသည် မကြာမီ UNFC အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေး သွားမည် ဖြစ်ကြောင်း ပြီးခဲ့သည့် မေလကုန် ပိုင်းတွင် KIO ကိုယ်စားလှယ် များနှင့် မြစ်ကြီးနားမြို့၌တွေ့ဆုံ ခဲ့စဉ် ၄င်းကထုတ်ဖော် ပြောကြား ထားပါသည်။

UNFC  သည် အစိုးရ အဖွဲ့နှင့် ဆွေးနွေးသည့် အခါ မိမိတို့ အဖွဲ့ဝင် မဟုတ်သော အခြား တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့များ၏ အမြင် သဘော ထားများ ပါဝင် နိုင်ရန်ကိုလည်း လိုလား ပါသည်။ ဤသို့ကြောင့် ၄င်းအမြင်များ ပါ၀င်နိုင်ရန် ယနေ့ ဇွန်လ (၅) ရက် နေ့တွင် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ WGEC အစည်း အဝေး တစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပနေပါသည်။

Most read this week