ပြီးခဲ့တဲ့ မေ လ ၂၆ ရက်နေ့ တနင်္ဂနွေနေ့က ခေါင်းတွင် အရိုက်ခံထားရသော အသက် ၁၈ နှစ် အရွယ် ဆယ်တန်းကျောင်းသား တဦး ၁၀ ရက်ကြာပြီဖြစ်သော်လည်း ယနေ့အထိ သတိမရသေးကြောင်း သိရသည်။
ချင်းပြည်နယ် မတူပီမြို့နယ် လိုင်လင်းပီရွာတွင် မရာဧဝံဂေလိအသင်းတော်မှ သိက္ခတော်ရဆရာတော် ဦးရွှေတလုံး၏ တတိယမြောက်သား တေခူး ဆိုသူသည် လူငယ် ၄ ဦးမှ တုတ်ဖြင့် ဦးခေါင်း၊ ခါး ၊ ကျောရိုး၊ နဖူး တွင် (၄) ကြိမ် ရိုက် နှက်ရာ လူငယ်သည် ဆေးရုံတွင် ယနေ့အထိ သတိမရသေးကြောင်း ဒေသခံတဦးက ပြောသည်။
“ နောက်ကြောင်းပြသနာတွေတော့ မရှိလောက်ပါဘူး၊ အရက်မူးနေပုံတော့ရပါတယ်” ဟု ပြောသည်။
လူနာအား မီဇိုရမ်ပြည်နယ် ဆိုင်ဟားဆေးရုံမှ အိုင်ဇောလ် ဆေးရုံသို့ လွှဲပြောင်းထား ကြောင်း ဆရာဝန်မှတ်ချက်အရ ဦးနှောက်အတွင်း သွေး ၀င်သွားဘွယ်ရှိကြောင်း သိရသည်။
“ ဦးခေါင်းဒါဏ်ရာဆိုတော့ခွဲစိတ်ဖို့လည်း အင်မတန်အန္တရာယ်ရှိတယ်၊ တခြားဒါဏ်ရာတွေကိုလည်း ဆရာဝန်တွေက ဘာမှ စစ်ဆေးမှုမပြုနိုင်ကြဘူး” ဟု လူနာ၏ အဒေါ်က ပြောသည်။
လူနာ၏ ဦးလေးတော်စပ်သူ အထက်တန်းပြ ကျောင်းအုပ်ဆရာကြီးကလည်း ရိုက်နှက်နေစဉ် လူစု မခွဲနိုင်ခဲ့ပါက လူနာသည် အမှုဖြစ်စဉ်တွင် သေ ဆုံးသွားနိုင်ကြောင်း ပြောဆိုပါသည်။
နစ်နာသူများဖက်မှ အမှုမလုပ်သောကြောင့် သက်ဆိုင်ရာ လိုင်လင်းပီရဲတပ်ဖွဲ့မှလည်း တစုံတရာ အရေးယူမှုမပြု လုပ် ကြောင်း ထပ်မံဆိုသည်။
လိုင်လင်းပီနယ် (မရာဒေသ) ဒေသသည် ချင်းပြည်နယ်အတွင်း ပြစ်မှု တစုံတခု ဖြစ်ပွားပါက သက်ဆိုင်ရာသို့ တိုင်ကြား မှုအနည်းဆုံးဒေသဖြစ်သည်ဟု ဒေသခံ ရဲ တပ်ကြပ်တဦးက ပြောသည်။
“ မရာ ( ချင်း ) လူမှု ဓလေ့ထုံးတမ်း နှင့် ခရစ်ယာန် ဓမ္မတရား အရသာ ကြေအေးလေ့ရှိကြပါတယ်” ဟု ပြောသည်။