လေနှင်ရာပါသွားတော့မလား မောပီရေ

လေနှင်ရာပါသွားတော့မလား မောပီရေ
by -
ခိုနူမ်းထုန်

၁၀၂ မိုင် ဝေးသည့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ မတူပီမြို့အကြား  ကားနှစ်စီး ရှေ့ဆင့်နောက်ဆင့် ပြေးနေသည်။ ချင်းအမျိုးသားတပ်ဦးသည် အနာဂါတ်ပြည်ထောင်စု ဖွဲ့စည်း တည်ဆောက်ရေးဆိုင်ရာ လူထု သဘောထား စစ်တမ်း ကောက်ယူဖို့အတွက် ၂၀၁၃ ခုနှစ်  ဧပြီလ နောက်ဆုံးပတ်ကတည်းက ချင်း ပြည်နယ်တောင်ပိုင်း ခရီးစဉ် ကို စ တင်ခဲ့ကြ ရာမှာ ကျတော်သတင်း မှတ်တမ်းအတွက်ပါ၀င်ခဲ့ခြင်းဖြစ်ပါ တယ်။ မိမိသည် ပူ့းထန်ယဲန်း၊ ဒေါက်တာလျန်မှုန်း ဆာခေါင်းတို့ နှင့်အတူ နောက်ကားနဲ့ ပါလာတယ်၊ ရှေ့ကားကို ပူး ပေါလ်ဆီထာ က ဦးဆောင်လျက်ပေါ့၊

မတူပီမြို့ကို သွားဖို့ မင်းတပ်ကနေ နံနက် ရ နာရီတိတိမှာ ခရီးစထွက်လာခဲ့ကြတယ်၊ အဖွဲ့ဝင် အားလုံး (၈) ဦးပေါ့၊ လမ်း တလျှောက်မှာ စိမ်းစိုနေတဲ့ တောအုပ်တွေတွေ့ရသလို ၀သုန်မိုးဦးလေကြောင့် ရနံ့သင်းနေတဲ့ ထင်းရူးတောနဲ့ အတူ တောင်ဇလပ်နဲ့ချယ်ရီပင်တွေအစီအရီနှင့် ကြည်နူးစရာကောင်းလှပါတယ်။ ပင်လယ်ရေမျက်နှာပြင် ပေ ၄၀၀၀ အထက် လှပတဲ့သဘာဝတောတောင်တွေအကြား အေးစိမ့်စိမ့် ရာသီဥတုဟာ ကျနော်တို့ အဖွဲ့သားအားလုံးအတွက် မဆန်း တော့ ပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော် ကတည်းက မမြင်မတွေ့ရတော့တဲ့ဒေသဟာ ခုနေတခါ ပြန်တွေ့ရတော့လည်း အားလုံးရဲ့ စိတ်အစဉ်မှာ တမျိုးစီ ခံစားကြရတာပေါ့။

တက္ကသိုလ်ကျောင်းသားဘဝ၊ ၁၉၈၈ အရေးအခင်း မတိုင်ခင် အနည်းဆုံး နှစ်ရက်ကြာသွားနေရတဲ့ အဆိုပါကားလမ်းဟာ ခုချိန်မှာ နေ့တဝက်နဲ့ချက်ချင်း ပေါက်နေတာက အင်မတန်မှ ကျေနပ်အားရစရာပါ၊ တောတောင်တလျှောက် မြေလိမ်မြွေ ကောက် ကား လမ်းလေး အဝေးကနေကြည့်လိုက်ယင် လှချင်တိုင်းလှနေတော့တယ်၊

ဆလိုင်းသောနက “ မြေနီလမ်းကလေးကြည့်လိုက်ယင် ကားလေးစီးတော့ဖုံထလာ၊ ဒါဟာလည်း ချင်းပြည်ရဲ့ အလှတခု ပါတဲ့” ယခု မင်းတပ် – မတူပီကားလမ်းဟာ ကတ္တရာ လမ်းခင်းထားပြီ၊ ဖုံတွေ သိပ်မထတော့ပါ၊ ယခင်က မြေနီ လမ်း ကြမ်း ကလေး ယခု ကတ္တရာလမ်းဖြင့် အစားထိုးနေပြီ၊ ယခုလက်ရှိ ချင်း ပြည်နယ် လမ်းပန်းဆက် သွယ်ရေး ၀န်ကြီး ပူး ငွန် ဆန်း အောင်ရဲ့ လက်ရာပါ၊

အင်မတန်ရိုးသားပြီး ခင်ချင်စရာကောင်းတဲ့ ကျတော်တို့ရှေ့ကားမောင်းသူ ကို နိုင်နိုင် တကယ်အလိုက် သိတယ်၊ ရှုခင်းလှ လှလေးတွေ တွေ့တို်င်း ကားကို ရပ်ရပ်ပေးတတ်တယ်၊ အဲဒီမှာ ကင်မရာတွေနဲ့မှတ်မှတ် ယယအဖြစ်တွေ ကျတော့်တ သက်တာ အတွက် အမှတ်တရပေါ့။

ဒေါက်တာလျန်မှုန်းဆာခေါင်းကမူ မောပီ မရောက်ခင်တောင်ပေါ် တနေရာမှာ ကားကိုခဏရပ်ခိုင်းပြီး အဆိုပါ နေရာကို Van Lai tlang လို့ အမည် မှည့်လိုက်သေးတယ်။ အားလုံးသဘောတူလက်ခုပ်တီးကြသေးတယ်။ အဓိပါယ် ကတော့ မိုးမြင့်ထက်က ချင်းတောင်ပေါ့။ အမှတ် ရစရာလေးပါ။

ကားလမ်းတလျှောက် စကားစမြည်တွေဖွဲ့ယင်း ခဏ နားချိန်မှာ ကိုယ့်ကင်မရာကို ထုတ်ပြီး ရှုခင်းတနေရာကို လှမ်းချိန် လိုက်တော့ တောင်ကုန်း မဲမဲတခု ကင်မရာဖန်သားမှာပေါ်လာတယ်၊ ကျတော် တချက်တန့်သွား တယ်၊  တောင်ကုန်း ပေါ်မှာ သစ်သားနဲ့ စိုက်ထူထားတဲ့ မီးလောင်ပြီး လက်ဝါးကားတိုင် မည်းမည်းကို လှမ်းတွေ့ လိုက်သည်။ မနေ နိုင်လို့ ကင်မရာကို တချက်နှိပ်လိုက်တယ်။

ဒီမောပီ၊ ချိုးတို့ဒေသ သဘာဝတောတောင်အလှဟာ ဘယ်ချိန်ဘယ်ကာလအထိ ခိုင်ခန့်တည်တ့ံနိုင်မလဲ၊ သဘာဝ တော တောင်ရဲ့ အလှကို တောမီးခိုးက အကျည်းတန်ဖျက်ဆီးသွားတယ်၊ သူ့သဘာဝအတိုင်းရှိနေတဲ့ တောတောင် ဟာ တောမီး ခိုး ကြောင့် အသက်ရှုမွန်းကျပ်နေတယ်။ တရားခံက ပြည်သူပဲမဟုတ်ပေဘူးလား၊ သူ့နဂိုအတိုင်း လှနေတဲ့သဘာ ၀အလှကို ဘာဖြစ်လို့ ဖျက်ဆီးနေကြရတာလဲ၊

“ တောမီးကြောင့် ချင်းတောင်မှာ သဘာဝသစ်တောတွေပျက်စီးနေပြီး ချောင်းရေတွေ တနှစ်ထက်တနှစ် နည်းနည်းလာ တယ် ” လို့ မတူပီကျေးလက်ဒေသလူငယ်တဦးက ပြောပါတယ်၊

ချင်းပြည်သူလူထုဟာ ရွှေ့ပြောင်းတောင်ယာစနစ်နဲ့ အသက်မွေးဝမ်းကျောင်းနေရတော့အခါ ယာမီးရှို့နေရ တာ အထူးမ ပြောလိုပါ၊ ယာမီးရှို့တယ်ပဲထားပါ၊ မီးတားလမ်းတော့ အတတ်နိုင်ဆုံးလုပ်သင့်ပါတယ်၊ မီးတားလမ်းလုပ်ပြီးမှ မီးကူးမိတာ ဆိုယင် တမျိုးပေါ့၊ ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်ဒေသ ရေရှည်ရပ်တည် ရေးကို ကိုယ်ကိုယ်တိုင်ကပဲ ကာကွယ် ထိန်း သိမ်း သင့်တယ်မဟုတ်ဘူးလား၊

“ တောင်ယာမှ မလုပ်ယင် ဘာနဲ့လုပ်စားမလဲ၊ အမြဲတမ်းစိုက်ကွက်လည်းမရှိ၊ တခြား စီးပွားရေးလုပ်စရာ လည်းမသိဆို တော့၊ မသိ သလိုလုပ်နေတာပါဗျာ” လို့ ဒေသခံတဦးကတော့ ပြောခဲ့ပါတယ်၊

ချင်းတောင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အဖြေရှာသင့်ပါပြီ၊ အဖြေကတော့ ရှိမှာပါ၊ ဥပမာ လှေကားထစ်စိုက်ပျိုးရေး စနစ်၊ ဒါမှ မဟုတ် တပိုင်တနိုင် မွေးမြူရေးစနစ်၊ ဆန်စပါးမဟုတ်တဲ့ အမြဲတမ်း စိုက်ပျိုးရေးစနစ်တွေ စသဖြင့် —-

တခုဆိုးတာက ကားလမ်း ပျက်ယင် အောက်ခံအတွက် ဇလပ်ပင်ကို ခုတ်လှဲပြီး ကားလမ်းကိုပြင်နေကြတာ ကိုပါ၊ ဒါတင်မကပါ၊ လမ်းဘေးကျေးရွာလေး တရွာမှာ ဇလပ်ဝိုင်ဆိုပြီးရောင်းကြတယ်၊ ဇလပ်ပန်းကို ၀ုိင်အဖြစ်ထုတ် လုပ်ကြ တယ်ဆိုပဲ၊ ချင်းတောင်မှာ ဇလပ်ပန်းတွေပြုန်းမှာကိုတော့ ၀မ်းနည်းစရာ၊

ညနေ ၃းဝဝ နာရီလောက်မှာ ကျတော်တို့အဖွဲ့တွေ မတူပီမြို့မှ ၃ မိုင်အကွာ ဘုံတလာရေတံခွန်မြစ်ဖျားခံရာ လေမျိုမြစ်မှာ ရေမိုးချိုးကြတယ်၊ ငယ်တုန်းက ရေကစား မတူရိုးရာမိုးခေါ်ငါးဖမ်းပွဲတွေလုပ်တဲ့လေမျိုမြစ်ဟာ ရေညှစ်တွေနဲ့ပြည့်နေတယ်၊ အရင်းခံက ငါးတွေပြုန်းကုန်တာပါ။

“ ငါးတွေမရှိတော့ဘူး၊ ငါးမပြောနဲ့၊ ပုဇွန်တွေ၊ ပုဇွန်လုံးတွေက အစ ဒိုင်နမိုနဲ့အကုန်ဖမ်းသွားကြတယ်” ဟု တက္ကသိုလ် ကျောင်းသားလူငယ်က ပြောသည်။ ပြောသူကိုယ်တိုင်ပဲ ဖမ်းနေသလားမှ မသိတာ။

ချင်းပြည်နဲ့အဝှမ်း  ရေသတ္တဝါတွေ အဆိပ်ခပ်သတ်လို့ မျိုးပြုတ်စပြုနေပြီ၊ အဖိုးတန်သစ်ခွတွေ လဲ ကုန်နေပါပြီ၊ ဒါတောင် အပင်တက်ခူးတာမဟုတ်ပဲ သစ်ခွတွယ်ကပ်တဲ့ အပင်ကြီးကို အရင်းကနေဖြတ် ခုတ်ခူးရသေးတယ် ဗျာ၊

ယနေ့ကမ္ဘာမှာ နေရာ ပျောက်လို့ အမျိုးပျောက်လူမျိုးတွေ ရှိနေတာကိုတော့ သတိထားသင့်ပါတယ်၊ ကိုယ့် ချင်းလူမျိုး ပျောက်မှာကိုတော့ ဘယ်သူမှ လိုချင်ကြလိမ့်မယ်မထင်ပါ၊ အမျိုးသားရေး ဒို့အရေးလို့ ပါးစပ်က အော်နေပေမဲ့ လက်တွေ့ အလိုအပ်ဆုံးက ကိုယ့်မြေ၊ ကိုယ့်ရေတောတောင်သဘာဝ ရှင်သန်တည်မြဲနေတာက အဓိကပါ၊

ယနေ့ချင်းလူမျိုးတို့ရဲ့ တန်ဖိုးအထားဆုံး တိရိစ္ဆာန်တွေဟာ နွားနောက်၊ ဆင်၊ ကျား၊ ၀က်ဝံ၊ ဂျီ၊ မျောက် အမျိုးမျိုး နဲ့ အောက်ချင်းငှက်တွေပါ၊ ဒါတင်မကပါ၊ ချင်းတောင်ဟာ တောတောင်ရေမြေ ထူထပ်တဲ့အတွက် တောရိုင်းတိရိစ္ဆာန်ပေါများ တဲ့ နယ်မြေပါ၊ ယခု သူတို့စျန်ပျော် ကျက်စား ရာ တောတောင်တွေဟာ ယာမီးကြောင့် ပျက်သုဉ်းနေပါပြီ၊

ဆင်းရဲမွဲတေမှုရဲ့ ရ၀ ရာခိုင်နှုန်းအောက်ရောက်နေတဲ့ချင်းပြည်သူတွေရဲ့ ဘဝ နစ်နာမှု၊ ဆုံးရှူံးမှုတွေဟာ ဒီတောတောင်သ ဘာဝ အလှအောက်မှာ တဒင်္ဂတော့ မှေးစက်ပျောက်ကွယ်သွားပေမဲ့ ဘာမှ  မသိရှာတဲ့ တောတောင်သဘာဝ၊ အဖိုးတန်သစ်ခွတွေ၊ တောတိရိစ္ဆာန်တွေ၊ သားငါးတွေရဲ့ မျိုးပြုန်းတော့မယ့်အရေး ကိုသာတွေးမိတော့သည်။