RNDP ပါတီအတွက် ထွန်း ဆေးရုံမှ ကျပ် (၁၀) သိန်းလှူ

RNDP ပါတီအတွက် ထွန်း ဆေးရုံမှ ကျပ် (၁၀) သိန်းလှူ
by -
နိရဥ္စရာ

အမျိုးဘာသာ၊ သာသနာ အကျိုးကို ရည်မျှော်ပြီး ထွန်း အထွေထွေ ရောဂါကု ဆေးရုံမှ ရခိုုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ (RNDP) သို့ ငွေကျပ် (၁၀)  သိန်း ပေးအပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

RNDP-office

ထွန်း အထွေထွေ ရောဂါကုသရေး ဆေးရုံ တည်ထောင်သော (၂၅) နှစ်မြှောက် အထိမ်းအမှတ် အဖြစ် မိသားစုများ ဖြစ်ကြသော ဒေါက်တာ သိန်းစောထွန်းနှင့် ဒေါက်တာ လတ်လတ်ထွန်းတို့မှ အဆိုပါ ငွေအား မေလ ၃၁ ရက်နေ့က လှူဒါန်းခဲ့သည်ဟု သိရသည်။

“ သူတို့က အမျိုးဘာသာ၊ သာသနာ အကျိုးကို ရည်မျှော်ပြီး လှူဒါန်းတာ ဖြစ်ပါတယ်။ လူထုကို အလုပ် အကျွေးပြုနေတဲ့ ကျွန်တော်တို့ပါတီ အပေါ် အားကိုး ယုံကြည်တဲ့ အတွက် ခုလို လှူဒါန်းတာ ဖြစ်ပါတယ်” ဟု ပါတီ ဗဟို ကော်မီတီဝင် ဦးစံကျော်လှက ပြောသည်။

ဒေါက်တာ သိန်းစောထွန်းမှ အဆိုပါ လှူဒါန်းငွေအား RNDP (ဗဟို) ရုံးသို့  သွားရောက်ပြီး  ပါတီ ဥက္ကဌဒေါက်တာ အေးမောင်သို့  ပေးအပ် လှူဒါန်းခဲ့ဟု ဆိုသည်။

ထွန်း အထွေထွေ ရောဂါကုသရေး ဆေးရုံမှာ ယခင်က ထွန်းဓါတ်မှန် အမည်ဖြင့် စစ်တွေတွင် ရှိခဲ့ပြီး နောက်ပိုင်းတွင် ထွန်း အထွေထွေ ရောဂါကုသရေး ဆေးရုံ အဖြစ် နာမည် ပြောင်းလဲခဲ့သည်ဟု သိရသည်။

Most read this week