ဂျေယန့် ဒုက္ခသည့်စခန်းတွင် မူလတန်းကျောင်းသုံးပစ္စည်း လိုအပ်

ဂျေယန့် ဒုက္ခသည့်စခန်းတွင် မူလတန်းကျောင်းသုံးပစ္စည်း လိုအပ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် လိုုင်ဇာမြို့ ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် အခြေခံမူလတန်းကျောင်း သားများ အတွက် ကျောင်းသုံးပစ္စည်းများ ထက်ဝက်ခန့် လိုအပ်နေသောကြောင့် အခက်ခဲရင်ဆိုင်နေရကြောင်း စခန်းတာဝန်ရှိသူများမှသိရသည်။

၄င်းကျောင်းသားများအတွက် အလှူရှင်များက အသုံးအဆောင်ပစ္စည်းအတွက် လှူဒါန်းမှုများရှိသော်လည်း ကျောင်းတိုင်းမလောက်ငှသောကြောင့် အားလုံးရရှိနိုင်ရေးအတွက် စီစဉ်ပေးဖို့ရန် စခန်းတာဝန်ရှိသူများက တရုတ်ငွေ ၂ ယွမ် (၃၀၄ ကျပ်) စီ ကောက်ခံနေရကြောင်း ဂျေယန့် (Je Yang) စခန်းအတွင်းရေးမှူးကပြော သည်။

“ကျောင်းအသုံးအဆောင်ပစ္စည်းတွေ မလောက်ဘူး၊ အလှူလာပေးထားတဲ့ ဗလာစာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ဘောလ်ပင်၊ ဖတ်စာအုပ် ဒါတွေမလောက်လို့ ကျောင်းသားမိဘတွေ ဆီကနေ ငွေပြန်ပြီးတောင်းခံထားရ တယ်၊ ဒါတောင် ကျောင်းတက်ခါစပဲရှိသေးလို့ ကျွန်တော်တို့စခန်းမှာ ကျောင်းအသုံးအဆောင် ပစ္စည်းတွေ ငါးဆယ်ရာခိုင်နှုန်းလောက်ကိုလိုအပ်နေသေးတယ်” ဟု ဒုက္ခသည်စခန်းအတွင်းရေးမှူး ဆရာဂျာနော် ကပြောသည်။

ဂျေယန့် (Je Yang) အခြေခံမူလတန်းကျောင်းသားများ အတွက် စခန်းမှ ထုတ်ပေးနိုင်သောပစ္စည်းများသည် သူငယ်တန်းကို ဖတ်စာအုပ် တစ်စုံ ၊ ကချင်ဖတ်စာအုပ် (Text Book) တစ်စုံ၊ လွယ်အိတ် တစ်ခု၊ ခဲတံ တစ်ဒါဇင်၊ ခဲဖျက် ၂ ခု၊ ပေတံ ၁ ချောင်း၊ ပုံဆွဲစာအုပ် ၁ အုပ်၊ တစ်ကြောင်းမျဉ်းစာအုပ် တစ်ဒါဇင်၊ နှစ်ကြောင်း မျဉ်း စာအုပ် တစ်ဒါဇင်၊ ရောင်စုံခဲတံ ၁ ဘူး၊ ခဲချွန်စက် ၁ ခုထုတ်ပေးပြီး ဒုတိယတန်းမှ စတ္ထုထတန်းထိကိုသာ အတန်းအလိုက်ဖတ်စာအုပ်နှင့်ဘောလ်ပင် ၆ ချောင်းကို အပိုထုတ်ပေးနိုင်ကြောင်း သိရသည်။

ဂျေယန့် (Je Yang) စခန်းတွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်က ကျောင်းအဆောက်အအုံ မလုံလောက်သည့် အတွက် ကျောင်းဆောင် ရရှိရေးကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ရပြီး ယခုနှစ် ပညာသင်နှစ်တွင်မူ အဓိက စာသင်ကြားရေးပိုင်းကိုဦးစားပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကျောင်းမကော်မတီဝင်များထံမှသိရ သည်။

ဂျေယန့် (Je Yang) ဒုက္ခသည်စခန်းတွင် ၂၀၁၃-၂၀၁၄ ပညာသင် ကျောင်းသားဦးရေမှာ စုစုပေါင်း ၁၄၀၀ ကျော်ရှိပြီး ၄င်းတွင်လိုင်ဇာမြို့သို့ တက်ရောက်မည့် အလယ်တန်းကျောင်းသားဦးရေ ၆၀၀ ကျော်ရှိကြောင်း သိရသည်။

Most read this week