ထိုင်းနိုင်ငံ ရနောင်း ခရိုင်သို့ တနင်္သာရီတိုင်း ကော့သောင်း ခရိုင် လုံးဖောကြီး ကျေးရွာမှ တဆင့် ခိုးဝင် လာသော မြန်မာ နိုင်ငံ သားများ ရေနစ် ခဲ့ရာ (၁၂) ဦး သေဆုံးပြီး (၃၈) ဦး ဖမ်းမိ ခဲ့သည်ဟု အလောင်း ဆယ်ယူ ရရှိ ခဲ့သည့် ထိုင်းအရာရှိ တစ်ဦးက ဆိုပါသည်။
“ အလောင်း (၁၂) လောင်း ကတော့ ရနောင်း ဆေးရုံ မှာပါ။ အမျိုးသမီး (၆) ဦး၊ အမျိုးသား (၆)ဦးပါ။ အလောင်း ကိုယ်ပေါ် မှာတော့ နိုင်ငံသား စိစစ်ရေး ကဒ်ပြားတွေ တွေ့ရတယ်၊ လှေမတော်တဆ မှောက်မှု ကြောင့်ပါ။ ထိုင်းနိုင်ငံ ထဲကို ခိုးဝင် ဖို့ပါ။ အလောင်း တွေက (၃)လောင်း တတွဲ ကျန်တာ ကြတော့ သူ့ဟာသူ ပေါ်လာမှ တွေ့တာ။ အခုတော့ ရနောင်းဆေးရုံကို ပို့ထားတယ်" ဟု ဆိုပါသည်။
ခိုးဝင် လာသော သူများသည် ချင်းပြည်နယ်၊ မွန်ပြည်နယ် သူများနှင့် ဘင်္ဂါလီများ ဖြစ်ကြပြီး ပြီးခဲ့သည့်မေလ (၃၁) ရက်နေ့၌ ကော့သောင်း မြို့နယ် လုံးဖောကြီးကျေးရွာမှ စက်လှေ (၃) စီးဖြင့် ညသန်းခေါင်ကျော်၂ နာရီ ခန့်တွင် ခိုးဝင် ခဲ့သည်ဟု လုံးဖောကြီး ဒေသခံ များက ဆိုပါသည်။
စက်လှေသည် ရာသီဥတု ဆိုးရွားသည့် အချိန်၌ နစ်မြှုပ် ခဲ့သည်ဟု ထိုင်းရဲမှူးချုပ် ဗိုလ်ချုပ် ထဝီဖွန်ချူရင်း (Police Maj. Gen. Taweeporn Churin ) က ပြောကြောင်း အေပီ သတင်း တစ်ရပ်တွင် ဖော်ပြ ထားပါသည်။
လုံဖောကြီး ကျေးရွာမှ ဒေသခံ တဦး ကမူ အခင်း ဖြစ်ပွား ချိန်တွင် သေနတ်သံ ကြားရကြောင်း၊ သေနတ် သံကြောင့် ရုန့်ရင်း ဆန်ခတ် ဖြစ်ပြီး လှေမှောက်ဖွယ် ဖြစ်နိုင်ကြောင်း ၄င်းက ဆိုပါသည်။
“သေနတ် သံက ကျနော် တစ်ယောက်ထဲ မဟုတ်ဘူး တစ်ရွာလုံး ကြားတယ်။ ပစ်တာက (၇) ချက်နဲ့ (၈) ချက်လောက် ရှိမယ်၊ ခိုးဝင် နေကြ နေရာပါ။ လှေချင်း တိုက်တာလည်း မဖြစ်နိုင်ဘူး၊ သေနတ်သံ ကြားတော့ ရုတ်တရက် ရုန့်ရင်းဆန် ခတ်ဖြစ်ပြီး မှောက်တာဘဲ ဖြစ်မယ်၊ ဒီတော့ ရေမကူး တတ်ရင် သေပေါ့ ညကြီး ထဲမှာ” ဟု ကိုမင်းမင်းမှပြောပါသည်။
ဤအဖြစ် အပျက်နှင့် ပါတ်သက်ပြီး ကော့သောင်း ဖက်မှ မြန်မာ အာဏာပိုင် များလည်း သွားရောက် စစ်ဆေး ခဲ့ပါသည်။ အလောင်းများကို ဇွန်လ(၄) ရက်နေ့သာ ထားရှိမည် ဖြစ်ပြီး သဂြိုလ် မည် ဖြစ်သည်။ အဖမ်းခံ ထားရ သူများကို ရနောင်း အချုပ်၌ ထားရှိပြီး ဥပဒေ အရ အရေးယူ သွားမည် ဖြစ်ပါသည်။
မြန်မာ နိုင်ငံသား များသည် ထိုင်းနိုင်ငံသို့ အများ အားဖြင့် တရား မဝင်သည့် နည်းဖြင့် ခိုးဝင် လာပြီး အလုပ်လုပ် လာခဲ့ သည်မှာ နှစ်ပေါင်း (၄၀) ထက် မနည်း ရှိလာ ခဲ့ပြီး ဖြစ်ပါသည်။ ဤအခြေ အနေမှ ပြီးခဲ့သည့် (၂၀၀၇) ခုနှစ်မှ စပြီး ထိုင်းနိုင်ငံသည် တရားမဝင် အလုပ် သမား များအား တရားဝင် အလုပ် လုပ်ခွင့် ပေးလာ ခဲ့ ပြီဖြစ်သဖြင့် ယနေ့ အချိန် ၌ တရားဝင် နိုင်ငံကူး လက်မှတ်ဖြင့် တရားဝင် အလုပ် လုပ်ခွင့် ရှိနေ ပါလျှက်နှင့် ခိုးဝင် နေမှုသည် မဖြစ် သင့်သော ကိစ္စဖြစ်ကြောင်း ထိုင်းနယ်စပ် အာဏာပိုင်များနှင့်နီးစပ်သူများကပြောပါသည်။