လွန်ခဲ့သည့် နှစ်အနည်းငယ်အထိ မြန်မာနိုင်ငံသည် နိုင်ငံအတော်များများနှင့် အဆက်ပြတ်ကာ၊ ကမ္ဘာ့အလယ်တွင်အတိုင်းအတာတစ်ခုအထိ အပယ်ခံနိုင်ငံဖြစ်ခဲ့ သည်။ ယခုမူ အချိန်တိုလေးအတွင်း မြန်မာနိုင်ငံသည် ခရီးအတန်ပေါက်ခဲ့ပြီ ဖြစ်သည်။ တင်ဒါရရှိရေးအတွက် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများ အလုအယက် တန်းစီ စောင့်ဆိုင်း နေရသည့်နိုင်ငံ ဖြစ်လာပြီ ဖြစ်သည်။
ရန်ကုန်သို့ ဦးတည်နေသော လေယာဉ်များတွင် နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်များ ပိုများလာနေသည်။ မြန်မာနိုုင်ငံရှိ အနည်းငယ်မျှသောဟိုတယ်များတွင် လည်း နိုင်ငံခြားသားဧည့်သည်များနှင့် ပြည့်နှက်နေသည်။ လွန်ခဲ့သည့် ၂ နှစ်လောက်ခန့်ကအထိ မြို့တော်သစ် နေပြည်တော်ဆိုသည်ကို ကမ္ဘာက မသိသလောက်
ဖြစ်ခဲ့သည်။ သို့သော် ယခင်စစ်အစိုးရခေတ်က ဖုံတောထဲတွင် တည်ထားခဲ့သော နေပြည်တော်သည် ဇွန် ၅ ရက်မှ ရ ရက်အထိ ကမ္ဘာ့စီးပွါးရေးဖိုရမ် (World E conomic Forum on East Asia) ကျင်းပသည့်အခါ နိုင်ငံတကာမီဒီယာများအတွက် ပထမဆုံးအကြိမ် အထင်ကရ အာရုံစိုက်စရာ ဖြစ်လာလိမ့် မည် ဖြစ်သည်။
မြန်မာနိုင်ငံအတွက် ဤကမ္ဘာ့စီးပွါးရေးဖိုရမ်သည် ယခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် အရှေတောင် အာရှအားကစားပွဲ (ဆီးဂိမ်း) မတိုင်ခင် အကြိုနိုင်ငံတကာ ပွဲကြီးလမ်းကြီးတစ်ခုလည်း ဖြစ်သည်။ နောက်နှစ် တွင်လည်း အာဆီယံအဖွဲ့ကြီး၏အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက ပထမဆုံးအကြိမ် တာဝန်ယူရသည့် အခါ ထိုသို့ပင် နိုင်ငံတကာကွန်ဖရင့်များ၊ ထိပ်သီးအစည်းအဝေးများဖြင့် စည်ကားနေဦးတော့မည် ဖြစ်သည်။ သို့သော် နေပြည်တော်သည် လူအတော်တော်များများအတွက် သဘာဝရှုခင်းအရ ဘာမျှ ထူးထူးခြားခြားမရှိ၊ ညဘက်လည်ပတ်ကြည့်ရှု အချိန်ဖြုန်း စရာ ဘာမျှမရှိ၊ ကမ္ဘာလှည့် ခရီးသွားများ သွားရောက်ကြည့်ရှု လည်ပတ်စရာ ဘာမျှမရှိသည့် အသက်ကင်းမဲ့နေသော သာမန် မြို့တစ်မြို့သာ ဖြစ်သည်။
သယ်ယူပို့ဆောင်ရေးအတွက် တက္ကစီများ၊ အငှားကားများ၊ ထောက်ပို့လုပ်ငန်းများ ပြည့်စုံမလုံလောက် ပါက နေပြည်တော် ဆိုတာ ဒီလိုပါလားဟု ရေရွတ်ပြီး ပြန်သွားကြလိမ့်မည်။ လာရောက်သူများ၏ သွားလာ နေထိုင်ရေး လုံခြုံစိတ်ချရမှုကလည်း အရေးကြီးသည်။ နာမကျန်းဖြစ်လို့ အရေးပေါ် ဆေးဝါးကုသမှု အဆင်သင့်ရှိနေမှုက လိုအပ်သည်။
နိုင်ငံတာပွဲလမ်းများလက်ခံကျင်းပသည့်အခါ ပြင်ဆင်မှုလုပ်ငန်းများ အချိန်မီမပြီးစီးသည့်အတွက် နိုင်ငံများ မြို့တော်များအတော်လေးအရှက်ရခဲ့ကြဖူးသည့် သာဓကများရှိသည်။ ကိုလံဘီယာဆိုလျှင် သူပုန်များ အကြပ်ကိုင်သည်ကို ဒူးထောက်အညံ့ခံလိုက်ရသဖြင့် ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ပွဲကိုပယ်ဖျက်လိုက်ရပြီး အရှက်ရခဲ့သည်။ တိုတိုပြောရလျှင် တစ်ခုခု ချွတ်ချော် တိမ်းပါးသွားသည်နှင့် တစ်ခုလုံး ပျက်စီးသွားရတော့ သည်သာ ဖြစ်သည်။
နေပြည်တော်အတွက်မူ ယခု ကမ္ဘာ့စီးပွါးရေးဖိုရမ် လက်ခံကျင်းပခြင်းသည် သက်ဆိုင်ရာတာဝန်ရှိသူများကို သူတို့တွင် လုပ်စရာအများကြီး ရှိသေးသည်ဆိုသည်ကို စောစောစီးစီး သတိပေးလိုက်ခြင်းပင် ဖြစ်သည်။ မြန်မာလူမျိုးတို့၏ထူးခြားလှသော ဧည့်ဝတ်ပျူငှါမှုနှင့် ရင်းနှီးနွေးထွေးလှသောအပြံုးကိုတော့ ကျွန်တော်တို့ အားကိုးနိုင်ပါသည်။ ထို့အတူ သူတို့ကို ဟိုတယ်များ၊ သယ်ယူ ပို့ဆောင်ရေး၊ အနုပညာဖြေဖျော်ရေး၊ ကျွေးမွေးဧည့်ခံရေးစသည့် ဝန်ဆောင်မှု လုပ်ငန်းများတွင်လည်း လုပ်ကိုင်ခွင့် အခွင့်အလမ်းများ ပေးရမည်
ဖြစ်သည်။ နေပြည်တော်ကို ကျွန်တော် တို့ အတွက် ဂုဏ်ယူစရာမြို့တော်အဖြစ် တည်ဆောက်ကြပါစို့။ လုပ်စရာတွေကတော့ အများကြီးကျန်ပါသေးသည်။