ကရင်နီ စစ်ဘေးရှောင်များအား အစိုးရ အသိအမှတ်မပြု ၀မ်းရေးအခက်ကြံု

ကရင်နီ စစ်ဘေးရှောင်များအား အစိုးရ အသိအမှတ်မပြု ၀မ်းရေးအခက်ကြံု
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ် ရှားတောမြို့နယ် စုစည်းကျေးရွာတွေမှာ နေနေရတဲ့ ဒေသခံတွေဟာ အစိုးရကနေ တရားဝင် အသိအမှတ် မပြုတဲ့အတွက် စားဝတ်နေရေးအခက်အခဲများကြံုနေရပြီး ရွာဟောင်းပြန်  လုပ်ကိုင် စားသောက် လိုကြကြောင်း ပြောပါတယ်။

အစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အကြား အပစ်အခတ်ရပ်စဲထားတဲ့ အချိန်ကာလအတော အတွင်း စုစည်းကျေးရွာမှရွာသားများ ရပ်ရွာဟောင်းမှာ ပြန်လည်နေထိုင်ကြပေမဲ့ အာဏာပိုင်တွေက တရားဝင်အသိအမှတ် မပြုနိုင်သေးတဲ့အချိန်မှာ ဒေသခံတို့က ယခုလိုပြောဆိုလာတာ ဖြစ်ပါတယ်။

ရှားတောဒေသခံရွာသားတဦးက "အဓိက သူတို့ရဲ့ဝမ်းစာရေးပေါ့ အဲမှာပြန်ပြီးသူတို့ရဲ့ တောင်ယာတွေပြန် လုပ်မယ်။ ကျွဲ၊ နွားတွေကျန်တာ ပြန်ကြည့်မယ်။ တောင်ပေါ်မှာပဲ ပြန်မွေးမယ်ပေါ့။ အာဏာပိုင်တွေကလည်း သူတို့ရွာကို အသိအမှတ်မပြုဘူး၊ တောင်ပေါ်မှာနေတဲ့သူက ရွာစာရင်းရှိတယ်ဆိုတာ မဖေါ်ပြဘူး။ ဟိုအရင်တုန်းက မြေပုံတော့ အဲဒီရွာတွေ မြေပုံပေါ်မှာရှိတယ်။ KNPP ကတော့ အသိအမှတ်ပြုပါတယ် သူတို့က ပြန်နေရင် တစုတစည်းတည်း နေဖို့တော့ ပြောတယ်" လို့ပြောပါတယ်။

နေရပ်ရင်းရွာဟောင်းမှာ အိမ်ရာများပြန်လည်ဆောက်လုပ်နေထိုင်ကြတဲ့ ရွာတွေကို အုပ်ချုပ်ရေးဌာနနဲ့ အစိုးရဌာနဆိုင်ရာများက မြို့နယ်မြေပုံပေါ်မှာ ထည့်သွင်းရေးဆွဲခြင်း မပြုသေးတဲ့အပြင်၊ တခြားသော နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေကိုလည်း သွားရောက်လေ့လာခွင့် မပြုကြောင်း သိရပါတယ်။

ကျေးရွာဟောင်းသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြသောသူများမှာ တချိန်က စစ်အစိုးရနဲ့ KNPP တို့ပဋိပက္ခဖြစ် စဉ်ကာလ အတွင်းက နေရပ်မှ ထွက်ပြေးစွန့်ခွာ သွားကြတဲ့သူများ ဖြစ်ပါတယ်။

တချို့ကတော့ ရှားတောမြို့ပေါ်မှာ သွားရောက်စုစည်း နေထိုင်ကြခဲ့ကြသလို ကျန်တဲ့ဒေသခံအများစုမှာတော့ နယ်စပ်ဒုက္ခသည်စခန်း ဘက်ကို သွားရောက်နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

"သူတို့လည်းတကယ်ကို အခက်အခဲရှိပါတယ်။ ၉၆ ခုနှစ်ကတည်းက ပြေးသွားတာဆိုတော့ လုပ်စားဖို့ကခက် တယ်။ အဲဒီကတည်းလူဦးရေရဲ့ သုံးပုံတပုံလောက်က ရှားတောမြို့ကို ပြေးလာကြတယ်။ ကျန်တဲ့ သူတွေ ကတော့ နယ်စပ်ဒုက္ခသည် စခန်းဘက် ပြေးကုန်ကြတာ"

ရှားတောမြို့ပေါ်ရှိ စုစည်းရွာတွေထဲမှာမှ နေရပ်ရင်းရွာဟောင်းသို့ အများဆုံး ပြန်ရောက်နေ ထိုင်ကြသော ကျေးရွာ အုပ်စုများမှာ တောင်ပိုင်းကျေးရွာအုပ်စုနှင့် အလယ်ပိုင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ရွာသူရွာသားများဖြစ်ကြ ပါတယ်။

Most read this week