တိုင်းရင်းသား ပါတီ များဖြင့် စုဖွဲ့ထားသော ညီနောင် တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NPF) မဟာမိတ် အဖွဲ့သည် လာမည့် ဇွန်လလယ်တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ဖက်ဒရယ် ယူနီယံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပရန် ရှိသည်ဟု ကျားဖြူ ပါတီ ဒုဥက္ကဌ စိုင်းဆောင်ဆီက ဆိုပါသည်။
“ကျင်းပမှာက ဇွန်လ ၁၁၊ ၁၂ နှစ်ရက် တည်းပါ။ အဓိက ကတော့ ဖက်ဒရယ် ယူနီယံနဲ့ ပါတ်သက်တဲ့ ကော်မီတီ သစ် တစ်ခု ဖွဲ့စည်းဖို့ပါ။ တကယ်လို့ PR ရွေးကောက်ပွဲ စနစ်နဲ့ လုပ်လာမယ် ဆိုရင် အင်အားပြိုင်နိုင်အောင် စုစည်းမှု တစ်ရပ် အနေနဲ့ တည်ဆောက်တာ ဖြစ်တယ်” ဟုဆိုပါသည်။
ဤအစည်းအဝေးသည် ၁၅ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပြီး အောက်ပါ အချက် (၄)ချက်ကို အခြေခံ ဆွေးနွေးသွား မည်ဟု ချင်းအမျိုးသား ပါတီ အထွေထွေ အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင် ကဆိုပါသည်။
တိုင်းရင်းသား လူနည်းစုများ၏ အခွင့်အရေးကို ကာကွယ်သည့် ဥပဒေ မူကြမ်း ကိစ္စကို ဆွေးနွေးရန်။
ဖက်ဒရယ် ယူနီယံ ပါတီ FUP အသစ် တစ်ရပ် ဖြစ်ပေါ်လာရေး ဆွေးနွေးရန်။
ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စ နှင့် တိုင်းရင်းသား အရေး ကိစ္စများ ဆွေးနွေးရန်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတွင် ဖက်ဒရယ် စနစ်ကျအောင် မည်သည့် အချက်များကို ုပြင်ဆင် ဖြည့်စွက် သင့်သည် စသည့် အချက်များနှင့် တိုင်ရင်းသားများ အတွက် မည်သည့် အချက် ပြင်ဆင် သင့်သည် များကို အချိန်ရှိရင် ရှိသလို အသေးစိတ် ဆွေးသွားရန် တို့ ဖြစ်ပါသည်။
ထို့အပြင် တစ်ပါတီချင်းမှ တင်ပြ လာသော အချက်များကိုလည်း ဆွေးနွေးရန် ရှိနေပါသည်။ ထိုအထဲတွင် (၈)ပြည်နယ်ကို အခြေခံသော ပြည်ထောင်စုမူနှင့် ဗဟိုနှင့် ပြည်နယ် လွှတ်တော်တို့၏ အာဏာ ခွဲဝေရေး မှုမူများလည်း ပါ၀င်ကြောင်း ဆိုပါသည်။
လာမည့်တောင်ကြီး အစည်းအဝေးသို့ တိုင်းရင်းသား (၁၅) ပါတီခန့် တက်ရောက်မည်ဖြစ်ပါသည်။ ကိုယ်စားလှယ် များကိုမူ တစ်ပါတီလျှင် (၃)ဦးမှ (၅)ဦးအထိ တက်ရောက်ခွင့် ရှိပြီး ကိုယ်စားလှယ်ပေါင်း (၅၀) ခန့် တက်ရောက်ရန် ရှိသည်ဟု ခန့်မှန်းထားပါသည်။
NBF မဟာမိတ် အဖွဲ့သည် ၂၀၁၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသား ပါတီများနှင့် ဖွဲ့စည်းထားသည့် (Information group) သာဖြစ်ပါသည်။ ပါ၀င်သော ပုဂ္ဂိုလ်များမှာ (ကျားဖြူပါတီ)၊ ရခိုင် အမျိုးသား တိုးတက်ရေး ပါတီ၊ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီမှ အတွင်းရေးမှူးများဖြင့် စုဖွဲ့ ထားပါသည်။
မြန်မာနိုင်ငံသည် လွတ်လပ်သည့် တန်းတူ ညီမျှသော ဖက်ဒရယ် ပြည်ထောင်စုကြီး ဖြစ်သင့်ကြောင်း၊ အစိုးရ ကိုယ်စားလှယ်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများက တောင်းဆို လာနေပြီး ဖြစ်ပါသည်။ သို့သော် မည်သို့ သော ဖက်ဒရယ် စနစ်မျိုး ဖြစ်လာမည် ဆိုသည်ကို စောင့်ကြည့် ကြရဦးမည် ဖြစ်ပါသည်။