UNICEF မှ သူငယ်တန်း ကျောင်းသုံး စာအုပ်များ ရခိုင်ပြည်နယ်တွင် အခမဲ့ ဖြန့်ဝေ

UNICEF မှ သူငယ်တန်း ကျောင်းသုံး စာအုပ်များ ရခိုင်ပြည်နယ်တွင် အခမဲ့ ဖြန့်ဝေ
by -
သျှမ်းသံတော်ဆင့်

ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF မှာ ရခိုင်ပြည်နယ်တွင် သူငယ်တန်းကျောင်း ကျောင်းသုံး စာအုပ်များကို ကလေးငယ်များ အတွက် အခမဲ့  ကူညီ ထောက်ပံ့ ပေးနေသည်ဟု သိသည်။

မြေပုံမြို့နယ်တွင် လွန်ခဲ့သော တစ်ရက်ခန့်က စတင်ပြီး ကျောင်းသားများ အကြား စာအုပ်များ ပေးအပ်ခဲ့သလို မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ မြို့နယ်တို့တွင် ယမန်နေ့က ပေးအပ်ခဲ့သည်ဟု ဆိုသည်။

Mraybone-UNICEF

“ ပေးတာက ဒီနှစ် အသစ်တက်ကြမည့် သူငယ်တန်းကျောင်းသားတွေကိုသာ ပေးပါတယ်။ တခြား အတန်းတွေကို မပေးပါဘူး။ ကျောင်းသားတဦးကို ရောင်စုံ ခဲတံ၊ ကျောင်းသုံး စာအုပ်နဲ့ လွယ်အိတ် တလုံးစီ ပေးပါ တယ်” ဟု မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာမှ မူလတန်း ကျောင်းအုပ် ဆရာကြီး တစ်ဦးက နိရဥ္စရာသို့ ပြောသည်။

UNICEF မှ  ကူညီထောက်ပံ့သည့် ပစ္စည်းများကို UNICEF မှ ကိုယ်တိုင် လာရောက်ပေးခြင်းမဟုတ်ဘဲ မြို့နယ်မှတဆင့် ပေးပို့ခြင်းဖြစ်သည်ဟု သူက ပြောသည်။

“ အခု ကူညီတဲ့ ပစ္စည်းတွေကို UNICEF က သူတို့ကိုယ်တိုင် လာရောက် ပေးတာမဟုတ်ဘူး။ မြို့နယ် တာဝန်ရှိသူတွေကို ပေးပြီးတော့ မြို့နယ်က တဆင့် ကျေးရွာအုပ်စု မှာရှိတဲ့ ကျောင်းတွေကို ဖြန့်ဝေပေး တာဖြစ်ပါတယ်။”

UNICEF မှ သူငယ်တန်းအဆင့်ကျောင်းသားများကို ကူညီထောက်ပံ့ပေးသဖြင့် ကျောင်းလာအပ်သူ ကျောင်းသားအရေအတွက်လည်း များလာသည်ဟု ဆိုသည်။

“ ကုန်ခဲသည့် နှစ်က ကျွန်တော်တို့ကျောင်းမှာ သူငယ်တန်း ၁၀၈ ဦးရှိပါတယ်။ ဒီနှစ်အတွက် မေလ ၂၇ ရက်နေ့က စလို့ လက်ခံလိုက်တာနဲ့ တရက်တည်းမှာ ၁၀၉ ဦးထိ ရောက်လာပါတယ်။ နောက် လည်း ကျောင်းလာအပ်မယ့်သူတွေ ရှိပါသေးတယ်။”

မူလတန်းအဆင့် ကျောင်းဝင်ရာတွင် ကျောင်းဝင်ကြေး မပေးသွင်းရသော်လည်း အလယ်တန်း အဆင့်မှ အထက်တန်းအဆင့် ကျောင်းသားများမှာ အတန်းလိုက် ကျောင်းဝင်ကြေးများ ပေးသွင်း နေရသဖြင့် အခက်ကြံုတွေ့ နေကြရသည်ဟု သိရသည်။

၂၀၁၃-၁၄ ခု ပညာသင်နှစ်အတွက် ကျောင်းသားများလက်ခံရာတွင် ဆယ်တန်းကျောင်းသားတဦး လျှင် ကျောင်းဝင်ကြေး ၂၀၀၀ ကျပ်၊ ၉ တန်းကျောင်းသားတစ်ဦးလျှင် ၁၉၀၀ ကျပ်၊ ၈ တန်းကျောင်း တစ်ဦးလျှင် ၁၈၀၀ ကျပ်စီ ကောက်ခံနေသည်ဟု သိရသည်။

ကမ်းထောင်းကြီးကျေးရွာသည် မြေပုံမြို့နယ်တွင် အကြီးဆုံးကျေးရွာကြီးတစ်ရွာဖြစ်ပြီး အိမ်ခြေ စုစု ပေါင်း ၂၄၀၀ ခန့်ရှိပြီး မူလတန်းကျောင်း ၃ ကျောင်း၊ မူလွန်ကျောင်း ၂ ကျောင်းနှင့် အထက်တန်း ကျောင်း ၁ ကျောင်းရှိသည်။