မေလ ၂၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော လားရှိုး အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မင်္သကာသူ ၃၅ ဦးကို မြို့နယ် ရဲစခန်းများတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ရှမ်းပြည်နယ် မြောက်ပိုင်း ခရိုင် ရဲစခန်းမှ အတည်ပြု ပြောကြားသည်။
ထိုဖမ်းဆီး ထားသူများမှာ ပဋိပက္ခတွင် ပါဝင်သူများဟု ယူဆရပြီး အခင်း စတင် ဖြစ်ပွားသည့် နေ့တွင်ပင် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်နိုင်ခဲ့ကြောင်း အဆိုပါ ခရိုင်ရဲ စခန်းမှ တာဝန်မှူးက ပြောသည်။
“တနေ့က၊ စဖြစ်တဲ့နေ့က ၂၀ ဖမ်းထားပါတယ်။ နောက်နေ့မှာတော့ ၁၅ ယောက် ဖမ်းဆီးထာပါတယ်” ဟု တာဝန်မှူးက မဇ္စျိမကို ပြောသည်။
ယနေ့ အကြမ်းဖက်မှုများ ငြိမ်သက်နေပြီ ဖြစ်သော်လည်း မြို့အစွန်ရှိ ရပ်ကွက်များ၌ လူစုရုံးနေသည် ဆိုသည့်ကောလာဟလ များ ထွက်ပေါ်နေကြောင်းလည်း ခရိုင်ရဲစခန်း တာဝန်မှူးက ဆိုသည်။
သို့သော် ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်ကမူ ထို နှစ်ရက်တာအတွင်း လားရှိုးမြို့ပေါ် ဆူပူ ဖျက်ဆီးမှုများတွင် ဦးဆောင်ပါဝင်သူဟု ယူဆရသူ ၂၅ ဦးအား လုံခြံုရေးတပ်ဖွဲ့များက ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။
“ဖမ်းဆီးထားသူ အားလုံးဟာ လားရှိုး မြို့ပေါ်ရပ်ကွက်များမှ ဖြစ်ပါတယ်။ အခြားဒေသများမှ လားရှိုးမြို့ကို လာရောက်ပြီး ဆူပူအကြမ်းဖက်မှုများ မပြုလုပ်နိုင်စေရန်အတွက် မနေ့က စပြီး မြို့ဝင် ဂိတ်များမှာလည်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း” ဟု ဦးရဲထွဋ် က ရေးသားထားသည်။
ရှမ်းပြည်နယ် လားရှိုးမြို့တွင် မေလ ၂၈ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခများမှ မီးလောင်ပြီး ပျက်စီးဆုံးရှုံးခဲ့မှု တန်ဖိုး သိန်း ၆ဝဝ နီးပါးရှိပြီး လုံခြံုရေးအတွက် အဖွဲ့ငါးဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု လားရှိုးမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ရုံးမှလက်ထောက်ညွှန်ကြားရေး မှူး ဦးဝေလင်းက မဇ္ဈိမကို ပြောသည်။
ပဋိပက္ခကြောင့် ပိတ်ထားသော မြို့မစျေးနှင့် ဆိုင်ခန်းအချို့လည်း ပြန်ဖွင့်ပြီဖြစ်ကြောင်း လာရှိုးမြို့နေ ဒေသခံများ ထံမှ သိရသည်။
“ဒီနေ့ မြို ့ပေါ်မှာတော့ ဘာသံမှ မကြားဘူး။ မြို့မစျေးလည်း ပြန်ဖွင့်ပြီ။ လူစုလူဝေးတွေတော့ ရှိသေးတယ်။ ဒါပေမယ့် ဘာမှ မဖြစ်ကြဘူး” ဟု လားရှိုးမြို့နေ ကိုနေဖြိုး က ပြောသည်။
ပဋိပက္ခကြောင့် နေအိမ် ဆုံးရှုံးခံရသူများအတွက် အမှတ် ရ နှင့် အမှတ် ၈ ရပ်ကွက်တို့တွင် ဒုက္ခသည် စခန်း နှစ်ခု ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း ကိုနေဖြိုးက ပြောပြသည်။
ပုဒ်မ ၁၄၄ အား ဆက်လက်ထုတ်ပြန်ထားဆဲ ဖြစ်သည်။
“နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်သူတွေ၊ ဘာသာရေး ခုတုံးလုပ်သူတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ရဲတွေ စစ်တပ်တွေကလည်း သူတို့အလုပ် သူတို့ တာဝန်ကြေအောင် လုပ်နေကြပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ မူဆယ်မြို့နယ် ဥက္ကဋ္ဌ ဦးစိုင်းဖိုးအောင် က ပြောသည်။
အကြမ်းဖက်မှုများကြောင့် ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ် ၂ စီး၊ ရုပ်ရှင်ရုံ ၁ ရုံ၊ ဘာသာရေး အဆောက်အအုံ ၃ လုံး၊ မော်တော်ဆိုင်ကယ် ၁၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး လူ ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ဖေ့ဘွတ် စာမျက်နှာတွင် ဖော်ပြထားသည်။