ကယား(ကရင်နီ)ပြည်နယ် ကျေးလက်ဒေသတွေမှာ တပတ်ကိုစာသင်ချိန် နှစ်ရက်သာ ပေးတဲ့အပြင် ကျောင်းဆရာ/မ မလုံလောက်တဲ့ စိန်ခေါ်မှုကို ကရင်နီကျောင်းသားထုအနေဖြင့် တတ်စွမ်းသမျှ ကူညီ သွားကြမယ်လို့ ဆိုပါတယ်။
မေလ ၂၆ ရက်နေ့က လွိုင်ကော်မြို့မှာ ကယားပြည်နယ်ကျောင်းသားများသမဂ္ဂ - ယာယီ(KSSU) နဲ့ ပြည်ပရှိ ကရင်နီကျောင်းသားများ သမဂ္ဂ (KSU) ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးမှု ပြုလောက်ပြီးနောက် ယခုလိုပြောဆိုတာ ဖြစ်ပါတယ်။
KSSU ဥက္ကဌကြူးဖဲကေးက "ကျနော်တို့ပြည်နယ်မှာ အဓိကကျောင်းသားထု ရင်ဆိုင်နေရတဲ့ ကျောင်းဆရာ/မ မလုံလောက်တဲ့ ပြသာနာ ကတော့ ရွာမှာဆိုရင် ကျောင်းဆရာမက တပတ်မှာ ကျောင်း ၅ ရက် တက်ရတယ်ဆိုရင် ၂ ရက်လောက်ပဲစာသင်တယ်။ ကျန်တဲ့အချိန်က အိမ်ပြန်သွားတယ်။ ကလေးတွေက ထိုက်သင့်တဲ့ပညာ သင်ခွင့်မရတာတွေ အများကြီးရှိတယ်။ ဆရာ/မ အလုံအလောက်ချပေးဖို့ ဆိုတဲ့အခန်းကဏ္ဍက ပြည်နယ်ဝန်ကြီးချုပ်က သိရက်နဲ့ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး" လို့ပြောသွားပါတယ်။
ယခုလို မြန်မာပြည်တွင်း နိုင်ငံရေးပြုပြင် ပြောင်းလဲနေချိန်မှာ KSSU - ယာယီနဲ့ KSU တို့ ပူးပေါင်းလိုက်ကြတာ ဖြစ်ပြီး ယခုနှစ်ဖွဲ့သဘောတူ ဖွဲ့စည်းလိုက်တဲ့ ကယား(ကရင်နီ) ကျောင်းသားများသမဂ္ဂ(KSSU) အဖွဲ့ရဲ့ခေါင်းစဉ်အောက်မှာ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားကြဖို့ မေလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။
KSU အကြံပေးဘုဒ်အဖွဲ့ ဥက္ကဌမော်မီးမာက “ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ ခုဏက ပြောသလိုပဲ ပညာရေးက နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ပြောမယ်ဆိုလို့ ရှိရင် မြန်မာနိုင်ငံရဲ့ ပညာရေးက အောက်တန်းကျနေ တယ်ပေါ့နော်။ နောက်ကျနေသလို ဖြစ်နေတယ် အများကြီးအပြင်မှာ ဆိုတော့ အဲဒီအခက်အခဲတွေကို ပြီးရင် ဒီကျောင်းသားတွေ၊ အဖွဲ ့အစည်းတွေကနေပြီးတော့မှ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ဆောင်မှသာလျင် ပညာရေးစနစ်က တိုးတက်ပြောင်းလဲ လာနိုင်မှာပေါ့နော်။ ကူညီပံ့ပိုးပေးနိုင်မယ့် နည်းလမ်းကတော့ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် အဓိက နိုင်ငံရေးအခြေအနေ မပြောင်းလဲသရွေ ့ကတော့ ကျောင်းသားတွေ အနေနဲ ့လည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ်လို ့ မထင်ဘူးပေါ့နော်… ဒါပေမယ့် လုပ်ဆောင်နိုင်မှာ တစ်ခုကတော့ အစိုးရတွေကို လိုက်ပြီးတော့ Lobby (စည်းရုံးလှုံ့ဆော်ဖို့) မှာ ဒီပညာရေးစနစ် တခုလုံး ပြောင်းလဲပေးနိုင်ဖို့ နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ အဆင့်မှီပညာရေးတွေ ရနိုင်ဖို့အတွက်က ဒီကျောင်းသား အဖွဲ့အစည်းတွေကနေပြီးတော့ အစိုးရတွေကို ဖိအားပေးတဲ့နေရာမှာ လုပ်ကူလို့ရမယ်" လို့ ပြောပါတယ်။
ပြည်နယ်အတွင်းတွင် နေထိုင်သောကျောင်းသားထုအတွက် ဘဝအာမခံချက်ရှိသော ပညာရေးစနစ် အမြန်ဆုံး ပေါ်ပေါက်လာစေရေး၊ ပညာသင်စရိတ်မတတ်နိုင်သော ကျောင်းသားများအတွက် အလှူရှင်များ ရှာပေးရေး၊ အခြေခံအထက်တန်းပညာအထိ အခမဲ့ မသင်မနေရ ပညာရေးစနစ် ပေါ်ပေါက် လာရေးစတဲ့ လုပ်ငန်းစဉ်များ ပေါ်ပေါက်လာဖို့ ကြိုးပမ်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကြေငြာချက်ထဲမှာ ဖေါ်ပြထားပါတယ်။
ကရင်နီကျောင်းသားလူငယ်တွေ နိုင်ငံတကာအဆင့်မှီ ပညာတော်သင်သွားနိုင်ရေးနဲ့ ကျောင်းထားထုအနေနဲ့ ရင်ဆိုင်ကြံုတွေ့နေကြရတဲ့ အခက်အခဲများကို တတ်စွမ်းသမျှ ကူညီနိုင်ဖို့ရည်ရွယ်ပြီး KSU ကိုပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ ပြည်ပရောက် ကရင်နီကျောင်းသားများက ဖွဲ့စည်းခဲ့ပါတယ်။