လက်နက်ကိုင်အဖွဲ့ မြေနေရာတွင် အဖွဲ့အစည်းအလံများဖြုတ်ရန် တပ်မမှူးညွှန်ကြား

လက်နက်ကိုင်အဖွဲ့ မြေနေရာတွင် အဖွဲ့အစည်းအလံများဖြုတ်ရန် တပ်မမှူးညွှန်ကြား
by -
ကေအိုင်စီ

မြဝတီခရိုင်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အ စည်းနှင့် ပတ်သက်သည့် မြေနေရာများတွင် အလံတိုင်များ စိုက်ထူထားခြင်းကို မေလ ၂၉ ရက်နေ့မှစ၍ ဖြုတ်ပစ်ရန် ယနေ့ပြုလုပ်သည့် အပတ်စဉ် အစည်းအဝေးတွင် အစိုးရတပ် တပ်မ(၂၂)မှူး ဗိုလ်မှူးချုပ် ထင်မော်ထွန်းက ပြောဆို လိုက်သည်။

မြဝတီမြို့ အေးချမ်းဖြိုးရိပ်သာလမ်းရှိ ရှေ့တန်းရုံးတွင် ယနေ့မနက် ၉ နာရီမှ ၁၁ နာရီအထိ ပြုလုပ်သော ဌာနဆိုင်ရာ သတင်းညှိ နှိုင်း အစည်းအဝေး၌ တပ်မမှူးက ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း အစည်းအဝေး တက်ရောက်သူ ကေအဲန်ယူ ဆက်ဆံရေးရုံး ဒုတာဝန်ခံက ကေအိုင်စီသို့ ပြောသည်။

“အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ မြေနေရာမှာ ကိုယ့်အဖွဲ့ရဲ့ အလံတွေ စိုက်ထူတာတွေကို ၂၉ ရက် နေ့လည် ၁၂ နာရီမှာ အပြီး ပြန် ဖြုတ်ရမယ်။ ဆက်ထားတာတွေ့ရင်တော့ ဥပဒေအရ အရေးယူမယ်လို့ ပြောသွားတယ်။”ဟု ၎င်းတာဝန်ခံက ပြောသည်။

မြဝတီမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့အစည်းများက ၎င်းတို့ပိုင် မြေနေရာများတွင် မိမိတို့အဖွဲ့အစည်းအလံများကို စိုက်ထူ ထားခြင်း၊ အဖွဲ့အမည် ဆိုင်းပုဒ်ထောင်ထားခြင်းများ ရှိနေသဖြင့် ယင်းကိုရည်ညွှန်း၍ ပြောဆိုခြင်းဖြစ်သလို အစိုးရ လက်အောက်ခံ မဟုတ်သည့် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် မြို့တွင်း၌ ၀င်ထွက်သွားလာရာတွင် လက်နက်ကိုင် ဆောင်မှုများရှိပါက ၎င်းတို့ထံ သတင်းပေးပို့ရန်နှင့် မပေးပို့ပါက အရေးယူသွားမည်ဖြစ်ကြောင်းလည်း ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ယနေ့အစည်းအဝေးသို့ ကေအဲန်ယူ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောလယ်မူးနှင့် ဗိုလ်ကြီးစဂျွန်၊ ဒီကေဘီအေ ဆက်ဆံရေးရုံး မှ စိုးညွှန့်၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီမှ စောအယ်ဒို၊ BGF မှ အမှတ်(၁၀၂၂) တပ်ရင်းမှူး ဗိုလ်မှူးမုတ်သုန် အပါအဝင် အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယင်းသို့ ညွှန်ကြားသည့်အထဲတွင် မြေစာရင်းဌာနကိစ္စများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲတွင် တိုင်းရင်းသားလူမျိုး မဟုတ်သူများ ပါ၀င်နေပါက ထုတ်ပစ်ရန်လည်း ပြောဆိုခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးချုပ်ထင်မော်ထွန်းသည် ၁၈-၂-၂၀၁၃ရက်နေ့တွင် တပ်မ(၂၂)မှူးတာဝန်ကို စတင် ထမ်းဆောင်ခြင်း ဖြစ်ပြီး တနင်္လာနေ့ တိုင်း ပြုလုပ်သည့် ယခု အစည်းအဝေးကို ခရိုင်အုပ်ချုပ်ရေးမှူးမှ ခေါ်ယူပြုလုပ်ခြင်း မဟုတ်ဘဲ တပ်မမှူး မရှိလျှင် ဗျူဟာမှူး သို့မဟုတ် ရှေ့တန်းမှူးကသာ ခေါ်ယူညွှန်ကြားလေ့ရှိသည်။