မြန်မာ့စီးပွါးရေး တိုးတက်မှု ၆.၇၅ ရာခိုင်နှုန်း ရှိလာမည်ဟု IMF ခန့်မှန်း

မြန်မာ့စီးပွါးရေး တိုးတက်မှု ၆.၇၅ ရာခိုင်နှုန်း ရှိလာမည်ဟု IMF ခန့်မှန်း
by -
မဇ္စျိမ

မြန်မာ့စီးပွါးရေး တိုးတက်မှုနှုန်းမှာ ယမန်နှစ်က ၆.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး နောက်ထပ်လည်း အတန်အသင့်မြန်ဆန်သော နှုန်းဖြင့် ဆက် လက်တိုးတက်နေလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) က ခန့်မှန်း ပြောကြားလိုက်သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၏ အာရှ-ပစိဖိတ်ဒေသ ဒုတိယအကြီးကဲ Matt Davies ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ UMFCCI ရုံးတွင် ၂၀၁၃ ခုနှစ်၊ မေလ ၂၂ ရက်နေ့က ပြုလုပ်စဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္စျိမ) ၎င်းသည် မြန်မာနိုင်ငံသို့ မေလ ၈ ရက်နေ့က ရောက်ရှိလာပြီး ဘဏ္ဍာနှင့်အခွန် ဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့သော ၁၅ ရက်ကြာ ခရီးစဉ်အပြီး မေလ ၂၂ ရက်နေ့က ခန့်မှန်းပြောကြား ရာ၌ မြန်မာ့စီးပွါးရေးသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် တိုးတက်မှု ၆.၇၅ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု IMF ကိုယ်စားလှယ်က ပြောဆိုလိုက်ကြောင်း AFP သတင်းတရပ်တွင် ပါရှိသည်။ ယင်းမှာ ဓါတ်ငွေ့ ထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

“အာဏာပိုင်တွေရဲ့ မျှော်မှန်းချက် ကြီးမားလှတဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းတွေက အသီးအပွင့်တွေကိုမြင် နေရပါပြီ။ မက်ကရို စီးပွါးရေးလည်း တည်ငြိမ်မှု ရှိနေပြီး ရင်းနှီး မြှုပ်နှံသူတွေရဲ့ အကြီးအကျယ် စိတ်ဝင်စားမှုကိုလည်း ရရှိနေပါတယ်” ဟု IMF ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် မက်ဒေးဗီးစ် (Matt Davies) က ကြေညာချက် ထုတ်ပြန်ရာတွင် ထည့်သွင်းရေးသားထားသည်။

စစ်အစိုးရ အုပ်ချုပ်ခဲ့သော တိုင်းပြည်က ကမ္ဘာကို တံခါးဖွင့်ပေးလိုက်ပြီ ဖြစ်၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်လာပြီဖြစ်ရာ ယင်းပမာဏက လက်ရှိ သာမန်စာရင်း လိုငွေထက် ပိုမိုများပြားလိမ့်မည်ဟု ၎င်းက ဆိုသည်။

မစ္စတာ ဒေးဗီးစ် ယခုကဲ့သို့ မှတ်ချက်ချ ပြောကြားလိုက်ချိန်သည် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုသို့ အလည်အပတ်ခရီး ရောက်ရှိချိန်နှင့် တိုက်ဆိုင်နေသည်။ ကမ္ဘာ့အကြီးဆုံး စီးပွါးရေး အင်အားကြီး နိုင်ငံကြီးနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် ထူထောင်ပြီးနောက် နှစ်ပေါင်း ၅၀ ခန့်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှ အကြီးအကဲတဦး အမေရိကန်သို့ အလည်အပတ်ခရီး ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်းဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆုချသည့်အနေနှင့် ချမှတ်ထား သော ပိတ်ဆို့အရေး ယူမှုများကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုများ ရရှိရေးအတွက် အမေရိကန် ထိပ်တန်းစီးပွါးရေးသမားများနှင့် တွေ့ ဆုံအပြီး နောက်တရက်ဖြစ်သော အင်္ဂါနေ့က ကုန်သွယ်ရေး ဆွေးနွေးပွဲဆိုင်ရာ စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

အပြုသဘောဆောင်သည့် ပြောင်းလဲတိုးတက်မှုများဖြစ်သော ငွေကြေးလဲလှယ်နှုန်း ပြင်ဆင်ပြုပြင်ပြောင်း လဲခြင်း၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်တရပ် ပြဋ္ဌာန်းခဲ့သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ဆောင်ခြင်း စသော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပြီး အခွန်ကောက်ခံမှုတွင်လည်း ထူးခြားသည့် တိုးတက်မှုများ ရှိခဲ့၍ ယခင်က လျစ်လျူရှုခြင်း ခံထားရသော ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် လည်း ငွေကြေးပိုမို သုံးစွဲခြင်းများ ပြုလုပ်နို်င်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကြီးမားသော လူဦးရေ ရှိနေခြင်း၊ ရေနံ သဘာဝဓါတ်ငွေ့၊ သစ် စသော သယံဇာတ ကြွယ်ဝခြင်းနှင့် စိုက်ပျိုးရေးတွင် ထွန်းကားအောင် လုပ်နိုင်သည့် အခြေအနေကောင်းများ ရှိခြင်း စသော အချက်များကြောင့် မြန်မာနိုင်ငံသည် တမူထူးသည့် ရှေ့တန်း စျေးကွက်ကြီး ဖြစ်လာနိုင်သည့်အလားအလာ ကောင်းများလည်း ရှိနေသည်။

တနှစ်အတွင်း ပြည်တွင်းနှင့်ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၅ ဆ တိုးလာခဲ့သည်ဟု နိုင်ငံပိုင် သတင်းဌာနက ယခင်အပတ်က ရေးသားဖော်ပြခဲ့သည်။ ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်း ၉၄ ခု၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဘိုး ဒေါ်လာ ၁.၄ ဘီလီယံကျော် ရရှိခဲ့သည်။

သို့သော် ယခုကဲ့သို့ အရှိန်အဟုန်ဖြင့် ပြောင်းလဲတိုးတက်မှုများ ရှိလာခြင်းသည် မြန်မာနိုင်ငံရှိ အာဏာပိုင်များနှင့် အင်စတီကျူးရှင်းများ အတွက်လည်း ကြီးမားသည့် စိန်ခေါ်မှုတရပ် ဖြစ်နေသည်။ တချိန်က ချမ်းသာခဲ့သော တိုင်းပြည်စီးပွါးရေးကို အထီးကျန် စစ်အစိုးရဟောင်းက အုပ်ချုပ်ခဲ့သည့်အတွက် တိုင်းပြည်မှာ မွဲပြာကျသွားခဲ့ရပြီး လွန်ခဲ့သော ၂ နှစ်က တစိတ်တပိုင်း အရပ်သား အစိုးရ လက်သို့ အာဏာလွှဲပြောင်းပေးခဲ့သည်။

တိုင်းပြည်အတွက် ဖြစ်လာနိုင်သော အန္တရာယ်မှာ လျင်မြန်ကျယ်ပြန့်သည့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းမျးကို အမီမလိုက်နိုင်သည့် တိုင်းပြည်တွင်း အကန့်အသတ်ဖြင့်သာ ရှိနေသော မက်ကရိုစီးပွါးရေး စီမံခန့်ခွဲမှု စွမ်းရည်မှ ပေါ်ထွက်လာနိုင်သည်ဟု IMF ကိုယ်စားလှယ်က ပြောသည်။

ယခုနှစ် ငွေကြေးဖောင်းပွမှုနှုန်းမှာ အတန်အသင့်နှုန်းထား ဖြစ်သော ၅.၅% သာရှိပြီး တချိန်တည်းတွင်
ငွေကြေး တိုးတက်မှုနှုန်း၊ အိမ်ခြံမြေစျေးနှင့် လုပ်အားခများ တဟုန်ထိုး တက်ရာမှ ပေါ်ထွက်လာသည့် ဖိအားများလည်း ရှိနေသည်ဟုဆိုသည်။

လာမည့် လအနည်းငယ်အတွင်း ဗဟိုဘဏ် ဥပဒေ ကဲ့သို့သော အရေးပါသည့် ဥပဒေတရပ် ထွက်ပေါ်လာခြင်း အဝါအဝင် အခြား နောက်ထပ် တိုးတက်မှုများ ရှိလာလိမ့်မည်ဟု IMF က မျှော်လင့်ထားသည်။ နည်းပညာ အကူအညီနှင့် အခြား အထောက်အပံ့ အကူအညီများ ပေးအပ်ရန်အတွက် မြန်မာနိုင်ငံတွင်းတွင် ရုံးခွဲတခု မကြာမီ ဖွင့်လှစ်သွားမည်ဟုလည်း IMF အဖွဲ့ကြီးက ပြောသည်။