ရှမ်းပြည်မြောက်ပိုင်း စစ်ပြေးဒုက္ခသည်များအား တိုက်ရိုက်ကူညီထောက်ပံ့ရန် ဂျပန်အလှူရှင် နိပွန်ဖေါင် ဒေးရှင်း၏ အစီအစဉ်အား မြန်မာ့ငြိမ်း ချမ်းရေးစင်တာ MPC နှင့် ရှမ်းပြည်အစိုးရက ပိတ်ပင်လိုက်သည်ဟု ရှမ်းပြည်တပ်မတော် SSPP/SSA နိုင်ငံခြာရေးတာဝန်ခံ ဗိုလ်မှူးကြီးပိန်ဖက ဆိုပါသည်။
“ကျနော်တို့ ထိန်းချုပ် နယ်မြေ အတွင်းမှာ ရှိတဲ့ စစ်ပြေး ဒုက္ခသည်တွေ အတွက် နိုင်ငံတကာ ကူညီမှုကို မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC က ပိတ်လိုက်တယ်။ သဘော ကတော့ တိုက်ရိုက် ပေးခွင့် မရှိဘူး။ အစိုးရက တဆင့်သာ ပေးရမယ် ဆိုတဲ့ သဘောထားပေါ့။ ဒီတော့ ဘာထူးမှာလဲ စစ်ပြေးတွေကို ကျနော်တို့ ဖန်တီးလို့ ဖြစ်လာတာမှ မဟုတ်တာ” ဟု ဆိုပါသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့သည် SSPP/SSA ဒေသရှိ စစ်ပြေး ဒုက္ခသည်များ အတွက် အကူအညီ ပေးရန် ဂျပန် အလှူရှင် နိပွန် ဖေါင်ဒေးရှင်း ကိုယ်စားလှယ်နှင့် အတူ SSPP အား သွားရောက် ဆွေးနွေး ခဲ့ပါသည်။
နိပွန် ဖေါင်ဒေးရှင်းသည် SSPP/SSA ဒေသရှိ စစ်ပြေး ဒုက္ခသည်များ အတွက် ဆန်အိတ် (၆၀၀၀) အကူအညီ ပေးရန် အစီအစဉ် ရှိပါသည်။ ဤသို့ကြောင့် ၄င်းဆန်အိတ်များ SSPP/SSA ထံ တိုက်ရိုက် လွှဲအပ်ပေးပို့ခွင့် ပြုရန် နိပွန်ဖေါင်ဒေးရှင်း ကိုယ်စားလှယ်က အဆိုပြု ခဲ့ပါသည်။ သို့သော် ယင်း အဆိုကို ပြည်ထောင်စု ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ကိုယ်စားလှယ် နှင့် ရှမ်းပြည်နယ် အစိုးရ အဖွဲ့တို့က ပယ်ချခဲ့သည်။
ဤသို့ကြောင့် နိပွန် ဖေါင်ဒေးရှင်း ခရီးစဉ်နှင့် အတူ ပါလာသော ဆန်အိတ် တစ်ထောင်ကို ရှမ်းပြည် မြောက်ပိုင်းတန့်ယန်းမြို့ နယ်ရှိ စစ်ပြေး ဒုက္ခသည် များအား နိုင်ငံတော်က ပေးသည်ဟု ဆိုကာ SSPP/SSA ကိုယ်စားလှယ်များကို လွှဲပြောင်း ပေးခဲ့ပြီး ထိုဒုက္ခသည် စခန်းကိုလည်း ပိတ်ခိုင်း လိုက်ပါသည်။
ဤသည် နိုင်ငံတကာ အလှူရှင်မှ လက်နက်ကိုင် အဖွဲ့အစည်းများ (သို့မဟုတ်) ဒုက္ခသည်များအား တိုက်ရိုက် ပေးပို့ခွင့်ကို ပိတ်ပင် လိုက်သည့် မူအား အကောင်အထည် ဖေါ်လိုက်ခြင်း ဖြစ်ပါသည်။ နိုင်ငံတကာ အလှူရှင်များ အနေဖြင့် အကူအညီ ပေးလိုပါက အစိုးရမှ တဆင့်သာ ကူညီခွင့် ရှိကြောင်း အချက် ပြလိုက်ခြင်းပင် ဖြစ်ပါသည်။
ဤသို့သော အခြေအနေကြောင့် ပြီးခဲ့သည် မေလ ၁၈ ရက်နေ့တွင် ဂျပန် နိပွန် ဖေါင်ဒေးရှင်း အဖွဲ့ ဥက္ကဌ (ဆာဆာဂါဝါ) သည် ရှေ့ဆက် အကူအညီ ပေးရေးနှင့် ပါတ်သက်ပြီး သွေးစည်း ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်များနှင့် လာရောက် ညှိနှိုင်း ခဲ့ကြပါသည်။
ယင်းညှိနှိုင်း ပွဲတွင်လည်း ဂျပန် နိပွန် ဖေါင်ဒေးရှင်း အဖွဲ့သည် တိုင်းရင်းသား လက်နက်ကိုင်များမှ တဆင့် ၄င်းတို့ ပေးနေသည့် အကူအညီများကို အစိုးရဘက်က ကန့်ကွက် ထားကြောင်း ထုတ်ဖော် ပြောကြား ခဲ့သည်ဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“သူပြော တာက NGO အကူအညီ အားလုံးကို MPC ကို အရင် ပေးရမယ် ပြောတယ်။ ဒီအကူအညီတွေကို MPC မှ တဆင့် ပြန်လည် ဖြန့်ဖြူးသွားမယ်။ သူလက်တွေ့ ဥပမာ တစ်ခု ပြောသွားတာက ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့က အစိုးရ ကိုယ်စားလှယ် အဖွဲ့ရယ်၊ နိပွန်ဖေါင်ဒေးရှင်း ကိုယ်စားလှယ်ရယ်၊ ကျနော်တို့ SSPP/SSA ကိုယ်စားလှယ်တွေ တွေ့ဆုံစဉ် ရင်ဆိုင် ခဲ့ရတဲ့ ရလာဒ် အကြောင်းတွေ ပါဝင်တယ်။” ဟု ဆိုပါသည်။
ဂျပန် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌသည် ပြောင်းလဲ လာသော အစိုးရ သဘောထား အပေါ် UNFC အဖွဲ့ဝင်များ၏ သဘောထား များကို သိရှိရန် လာရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။
ဤသို့ကြောင့် UNFC သည် ပြီးခဲ့သည့် မေလ ၉ ရက်နေ့တွင် အကူအညီ လက်ခံရေးနှင့် ပါတ်သက်ပြီး မူတစ်ရပ် ချမှတ်ထား ပြီးဖြစ်ပါသည်။ ယင်းမူကို UNFC ၏ (Project Proposal) ပြန်လည် ရေးဆွဲရေး အစည်းအဝေးမှ ချမှတ် ထားခြင်း ဖြစ်ကြောင်း ဂျပန် နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ အား ပြန်လည် ရှင်းလင်း ခဲ့ပါသည်။
“ကျနော်တို့က အစိုးရကပေးမှ ရမယ့် အနေအထား ဆိုရင်တော့ အဲဒီ အကူအညီတွေကို လက်ခံမှာ မဟုတ်တော့ဘူး ဆိုတာ ချမှတ် လိုက်ပြီးလေ။ အဲဒါကြောင့် အခု နိပွန် ဖောင်ဒေးရှင်း ပေးတဲ့ အကူအညီတွေကို အစိုးရက တဆင့် ပေးမယ် ဆိုရင် လက်ခံတော့မှာ မဟုတ်တော့ဘူး။ ဒီလိုဘဲ ပြန်ပြော လိုက်တယ်။” ဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌသည်လည်း UNFC အဖွဲ့၏ သဘောထားများကို ဂျပန် အစိုးရထံ ပြန်လည် တင်ပြ ပေးမည် ဖြစ်ကြောင်း ပြန်လည် ပြောကြား ခဲ့သည်။
ဂျပန် အစိုးရသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများအား တွေ့ဆုံ ဆွေးနွေး၍ ငြိမ်းချမ်းစွာအဖြေရှာ နိုင်ရေး၊ ဆင်းရဲ မွဲတေမှု ပပျောက်ရေး၊ လူနေမှု ဘဝ မြင့်မားရေး ကဏ္ဍများတွင် ဆက်လက် ကူညီသွားရန် ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အာဘေးကကတိပြု ပြောကြား ခဲ့ပြီး ဖြစ်ပါသည်။
ဂျပန် ၀န်ကြီးချုပ်၏ ဂတိသည် ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ရ ရက်နေ့ အထိ တိုကျိုမြို့သို့ ရောက်ရှိသော UNFC နှင့် အခြားတိုင်းရင်းသား အဖွဲ့များမှ ကိုယ်စားလှယ် ၂၃ ဦး တို့ကို ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။
ထိုသို့သော ဂတိကြောင့် ပြီးခဲ့သည် မေလ ဆန်းပိုင်းက မြန်မာ့ငြိမ်းချမ်းရေး စင်တာမှ ကိုယ်စားလှယ် များက ရန်ကုန်မြို့ ပေါ်ရှိ ဂျပန် သံရုံးကို သွားရောက်ပြီး ကန့်ကွက် လိုက်ပါသည်။ ယင်းသို့ ကန့်ကွက် လိုက်သဖြင့် ဂျပန် သံရုံးသည် နိပွန်ဖေါင်ဒေးရှင်းထံ အကြောင်းကြား ခဲ့သည်ဟု နိပွန် ဥက္ကဌ က ဆိုပါသည်။