အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ တွေ့ဆုံဆွေးနွေးရာတွင် ပင်လုံ ကတိကဝတ် များ ထည့်သွင်း ဆွေးနွေးရန် ကချင်အတိုင်ပင်ခံအဖွဲ့ (WMR) ၏ သဘောထားကို ယနေ့ ထုတ်ပြန်လိုက်သည်။
ကချင် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ၊ ကချင်တိုင်းရင်သား လူမျိုးပေါင်းစုံမှ ခေါင်းဆောင် အပါ အဝင် ၄၄ ဦးတို့ မြစ်ကြီးနားမြို့တွင် ဆွေးနွေး၍ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
“အဓိကတော့ အစိုးရနဲ့့ KIO တွေ့ဆုံတဲ့အပေါ် ကျနော်တို့ ကချင်အမျိုးသား ပြည်သူလူထုကလည်း ကျနော်တို့ လိုလားချက်တွေကို အားလုံး သိနိုင်ဖို့၊ ဒီဆွေးနွေးပွဲမှာလည်း ဒီအကြောင်းအရာတွေကိုထည့်သွင်းစဉ်းစား ပေးဖို့၊ ဒီဟာတွေ မရသရွေ့ အဖြေမှန် ရမယ်လို့ မထင်ဘူး။ ဒါကြောင့် ကျနော်တို့ လူထုတွေရဲ့ လိုလားချက်တွေကို ထုတ်ပြန်လိုက်တာပါ” ဟု ကချင်အတိုင်ပင်ခံအဖွဲ့မှ အတွင်းရေးမှူး ဦးဂမ်အောင်က ပြောသည်။
အမျိုးသား တန်းတူညီမျှမှု၊ မိမိအမျိုးသားများ နယ်မြေကို ကိုယ်တိုင်အုပ်ချုပ်ရန်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိရန်နှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် လိုလားကြောင်း တောင်းဆို ကြခြင်း ဖြစ်သည်။
လွတ်လပ်ရေး ရပြီးချိန်မှစ၍ ကချင်ပြည်နယ်အတွင်း နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ ဖြစ်ပေါ်ခဲ့ရခြင်းမှာ အစိုးရ အဆက်အဆက်မှ ပင်လုံ ကတိကဝတ်အား လစ်လျုရှုထားခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ပြည်နယ်များသို့ အာဏာခွဲဝေရာတွင် အခွင့်အရေးညီမျှမှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် တောင်းဆိုနေရခြင်းမှာ ကချင်အမျိုးသား ခေါင်းဆောင်များက ဗမာအမျိုးသား ခေါင်းဆောင်များနှင့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေး ကတိပြုထားသည့် သမိုင်းကြောင်း ရှိထားသည့်အပြင် ကချင်အမျိုးသားများ ပါဝင်သည့် ပြည်ထောင်စုကို တည်တံ့ခိုင်မြဲလို၍ ဖြစ်ပါသည်ဟု ဆိုသည်။
လက်ရှိအစိုးရ ခေါင်းဆောင်များအနေဖြင့် ယခင်အစိုးရများနည်းတူ ပင်လုံ ကတိကဝတ်များကို အလေးဂရုမပြုဘဲ ဘေးဖယ်ထားမည် ဆိုပါက ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးကို ထိခိုက်လာနိုင်ပြီး ထိုသို့ ဖြစ်လာပါက ကချင်ပြည်သူများ အနေဖြင့်လည်း အနာဂတ် နောင်ရေးအလို့ငှာ ကိုယ့်ခြေထောက်ပေါ် ရပ်တည်နိုင်ရေး စဉ်းစားဆောင်ရွက်သွားရန် သမိုင်းပေး တာဝန်ရှိလာတော့မည်ဟု ထည့်သွင်းဖော်ပြထား သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်က KIO ထံ ပေးဖို့သော စာတွင် တိုင်းရင်းသားများ အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပတ်သက်၍ စားပွဲပေါ်တွင် တွေ့ဆုံဆွေးနွေး၍ အဖြေရှာခြင်းသာလျှင် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း ပါရှိသည်ဟု ဆိုသည်။
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့က ငြိမ်းချမ်းရေးအဖွဲ့နှင့် KIO တို့ ပဏာမ သဘောတူညီချက်တွင် ထာဝရတည် တံ့ခိုင်မြဲသော ငြိမ်းချမ်း ရေး ဖော်ဆောင်နိုင် ရန် အလို့ငှာ ပင်လုံတွင် ကတိကဝတ် ပြုခဲ့ကြသည့် အမျိုးသား တန်းတူမှုနှင့် တိုင်းရင်းသား ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်များအပေါ် အခြေခံ၍ အလေးအနက် ထား ဆွေးနွေးသွားမည်ဟု ပါရှိ၍ ဝမ်းသာကြိုဆိုပြီး အမြန်ဆုံး အကောင်အထည်ဖော်လိမ့်မည်ဟုမျှော်လင့် ကြောင်း ယနေ့ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
လာမည့် မေလ ၂၈ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ်များနှင့် KIO ကိုယ်စားလှယ်များ တွေ့ဆုံပြီးနောက် မေလ ၂၉ ရက်နေ့တွင် ကချင်အတိုင်ပင်ခံအဖွဲ့နှင့် ပြည်သူလူထု တွေ့ဆုံပွဲကို ဆက်လက် ပြုလုပ်ရန် ရည်ရွယ်ထားသည်ဟု ဦးဂမ်အောင်က ပြောသည်။
ကချင်လူမျိုးတို့၏ နိုင်ငံရေးရာကို ညှိနှိုင်းဆွေးနွေးရန် ဖွဲ့စည်းထားသော ကချင်အတိုင်ပင်ခံအဖွဲ့တွင် ယခင်က ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဘာသာရေး ခေါင်းဆောင်များဖြင့် ဖွဲ့စည်းခဲ့သည်။ သို့သော် လက်ရှိတွင် လက်နက်ကိုင် အဖွဲ့အစည်းများ မပါဝင်တော့ဘဲ ကချင် လူမျိုးပေါင်းစုံမှ ခေါင်းဆောင်များဖြင့်သာ ဖွဲ့စည်းထားသည်။