ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနေချိန်တွင် ရှမ်းပြည်နယ်အတွင်း လုပ်ဆောင်နေသော စီမံကိန်းကြီးများ ယာယီ ရပ်ဆိုင်းထားရန် ရှမ်းလူထု အခြေပြု အဖွဲ့အစည်းများက မေလ ၂၂ ရက်နေ့တွင် တိုက်တွန်းလိုက်သည်။
မကြာမီက အစိုးရ တပ်ဖွဲ့နှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA)တို့ တိုက်ပွဲဖြစ်ပွားမှုမှ ပဋိပက္ခ ပြင်းထန်လာမည်ကို စိုးရိမ်လာသဖြင့် ထိုရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းအား အမြန်ဆုံးရပ်တန့် ထားရန် ရှမ်းလူမှုအဖွဲ့ ရ ဖွဲ့က ပူးတွဲတောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် ပိုက်လိုင်းသည် နမ်ခမ်းမြို့နယ်၊ နောင်မထား ကျေးရွာ တပ်စိုက်ထားသော RCSS/SSA မှ ၁၀ ကီလိုမီတာအကွာအဝေးတွင် ရှိသဖြင့် ယင်းပိုင်းလိုင်းကြောင့် စစ်ပွဲဖြစ်ပွားရခြင်းမှာ တိုက်ရိုက်ဆက်စပ်နေသည်ဟု ရှမ်းသဘောဝပတ်ဝန်းကျင်အဖွဲ့မှ ပြောခွင့်ရသူ စိုင်းခေးဆိုင် က မဇ္စျိမကို ပြောသည်။
“စစ်ပွဲ ရပ်ဖို့၊ စစ်ပွဲရဲ့ အဓိက အကြောင်းအရင်းက ပိုက်လိုင်းဆောက်မယ့် အကြောင်းအရင်း ဖြစ်နေတယ်။ နိုင်ငံရေး ဖြေရှင်းဖို့ မပြီးခင်၊ နောက်ပြီးတော့ ငြိမ်းချမ်းရေး သဘောတူညီချက်တွေ အကောင်အထည် မဖော်ဆောင်ရသေးခင်၊ စစ်ပွဲ အရှိန်အဟုန် မမြင့်မားခင် ဒီပိုက်လိုင်းကို ယာယီ ဆိုင်းငံ့ထားဖို့ ကျနော်တို့ တောင်းဆိုရတာ ဖြစ်တယ်” ဟု သူက ပြောသည်။
လာမည့် ဇွန်လတွင် နေရနံနှင့် သဘာဝ ဓာတ်ငွေ့ ပို့ခြင်းကို ရပ်ဆိုင်းထားရန် သူကဆက်ပြောသည်။
“ဒီပိုက်လိုင်းတလျှောက် အစိုးရစစ်တပ်ရယ်၊ ရှမ်းတောင်ပိုင်း စစ်တပ်တွေရယ် ရှိတယ်ဆိုတော့ ဒီနေရာကို ရှင်းဖို့လိုအပ်လာတယ်။ ပိုက်လိုင်းအတွက် လုံခြံုရေးရယ်၊ လာဆောက်မယ့် ကုမ္ပဏီတွေ ဝင်ပြီးတော့ ဖြတ်လျှောက် မယ်ဆိုရင် တိုင်းရင်းသားအဖွဲ့တွေနဲ့ စကားပြောရမယ်။ ဒါကြောင့် အဟန့်အတားဖြစ်နေလို့ ဒီဟာကို ရှင်းပစ်တာပဲ” ဟု ပြောသည်။
သို့သော် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီပါတီမှ နမ်းခမ်းမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးစိုင်းအုန်းကျော် ကမူ ပိုက်လိုင်းကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်း မဟုတ်ဘဲ တခြား RCSS ၏ လုပ်ဆောင်ချက်အပေါ် စစ်တပ်က လာရောက် သိမ်းပိုက်ခြင်း ဖြစ်နိုင်သည်ဟု ယူဆကြောင်း ပြောသည်။
“ပိုက်လိုင်းနဲ့ မဆိုင်ပါဘူး။ RCSS က ပထမက ဘိန်းဖြတ်စခန်း လုပ်မယ်။ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်မယ်ပေါ့။ နောက်ပိုင်းက စစ်သင်တန်း ဖွင့်မယ်ပေါ့။ အဲဒါ အစိုးရ စစ်တပ်က ခွင့်မပြုဘူး။ ဒီကိစ္စနဲ့ပဲ ထင်တယ်။ ဒီကိစ္စနဲ့ပဲ လာပြီးတော့ သိမ်းတယ်ပေါ့။ အဲဒါပဲ ယူဆတယ်” ဟု မဇ္စျိမကို ပြောသည်။
မေလ ၉ ရက်နေ့က ဖြစ်ပွားခဲ့သော ကျေးရွာပေါင်း ၃၂ ရွာမှ ဒေသခံ ၃,၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။ တရုတ်နယ်စပ် နောင်တောင်းဘက်သို့ ရွာသား ၂,၀၀၀ ခန့် ထွက်ပြေးခိုလှုံခဲ့ရကာ ၁,၀၀၀ ခန့်မှာ နမ့်ခမ်းမြို့ပေါ်ဘုန်းကြီးကျောင်းများနှင့် မိတ်ဆွေများထံ ခိုလှုံနေခဲ့ကြရပြီး ယခုအခါတွင် အများစုမှာ နေရပ်သို့ ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် စိုင်းအုန်းကျော် က ပြောသည်။
ယနေ့ ထုတ်ပြန်လိုက်သော ရှမ်းလူမှုအဖွဲ့များ၏ ထုတ်ပြန်ချက်ကို ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ထံ ပေးပို့ထားသည်ဟု သိရှိရိသည်။
ပူးတွဲတောင်းဆိုလိုက်သော အဆိုပါ ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများတွင် ရှမ်းပြည် လူ့အခွင့်အရေး မဏ္ဍိုင်၊ ရှမ်းသဘာဝ ပတ်ဝန်းကျင် အဖွဲ့၊ ရှမ်းပြည် ဖွံ့ဖြိုးရေးမဏ္ဍိုင်၊ ရှမ်းပြည် အဖွဲ့အစည်း၊ ရှမ်းအမျိုးသမီးများ လှုပ်ရှားဆက်သွယ်ရေး အဖွဲ့၊ ရှမ်းလူငယ်ကွန်ယက်အဖွဲ့နှင့် ရှမ်းလူငယ့်စွမ်းအားတို့ ပါဝင်ကြသည်။