ကျောက်ဖြူ ရခိုင်ဒုက္ခသည် စခန်းတွင် စားရေရိက္ခာ ခက်ခဲနေ

ကျောက်ဖြူ ရခိုင်ဒုက္ခသည် စခန်းတွင် စားရေရိက္ခာ ခက်ခဲနေ
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရခိုင်ဒုက္ခသည်စခန်းတွင် သောက်ရေနှင့် စားနပ်ရိက္ခာ လုံလောက်မှု မရှိဘဲ အခက်ကြံုနေရကြောင်း စခန်း တာဝန်ရှိသူများက ဆိုသည်။

Rakhinese-Refugee-Camp

“လူတဦးအတွက် တနေ့ ထမင်းနှစ်ထပ်စာ ဆန်တဗူးပိုပိုပဲ ရတယ်။ ကျန်တာကဆီ၊ ပဲ၊ ဆား နည်းနည်း ရပါတယ်။ ငါး၊ ဟင်းနဲ့ အခြား ချက်ပြုတ်ပစ္စည်းတွေ ဘာမှမပေးဘူး။ ပေးထားတာနဲ့ ဘယ်လိုမှ စားမရပါဘူး။ ကြာရင် အာဟာရ လျော့နည်းပြီး ကျန်းမာရေး ချို့တဲ့လာနိုင်တယ်။ ဒါတွေဟာလည်း WFP (ကုလ စားနပ်ရိက္ခာအဖွဲ့)တခုတည်း ပေးနေတာ ဖြစ်တယ်။ အခြား ဘယ်အဖွဲ့အစည်းကမှ မလာဘူး။ အစိုးရဘက်က စားသောက်ရေး ထောက်ပံ့မပေးတာ သုံးလလောက် ရှိပြီ” ဟု ကယ်ဆယ်ရေး စခန်းကော်မတီမှ ဦးကျော်နု က မဇ္စျိမကို ပြောသည်။

လျှပ်စစ်မီးလည်း တပ်ဆင်ပေးခြင်း မရှိသေးသလို သောက်ရေ အခက်အခဲလည်း ကြံုတွေ့နေရကြောင်း “အရင် Camp (စခန်း)အဟောင်းကနေ ဒီနေရာကို မေလ ၁၂ ရက်က မုန်တိုင်းကို စိုးရိမ်ပြီး ပြောင်းလာတာပါ။ မြို့နယ် အုပ်ချုပ်ရေးမှူးကတော့ မကြာခင် လျှပ်စစ်မီး တပ်ပေးမယ်ပြောတယ်။ သောက်ရေကတော့ ဒီမှာ အခက်ဆုံးဖြစ်နေတယ်ဗျ” ဟု ၎င်းက ဆက်ပြောသည်။

ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးခန်းမရှိသည့်အပြင် ရေမသန့်ရှင်းမှုကြောင့် ဝမ်းလျှော၊ ဝမ်းပျက်ရောဂါများ မကြာခဏဖြစ်ပွားနေသလို လူ ၂၅၃ ဦး နေထိုင်သည့် ဒုက္ခသည်စခန်းအတွက် အိမ်သာ ၅ လုံးသာရှိကြောင်း တွေ့ရသည်။

“ဒီလောက် လူရေအတွက်နဲ့စာရင် အိမ်သာက အရမ်းနည်းတယ်။ နောက်ပြီး လုံခြံုမှုလည်း လုံးဝမရှိဘူး။ သမီးတို့ မိန်းခလေးတွေအတွက် အကြီးအကျယ် ဒုက္ခရောက်နေရတယ်” ဟု ဒုက္ခသည်စခန်းမှ ကျောင်းသူ တဦးကဆိုသည်။

အဆိုပါ ဒုက္ခသည်စခန်း၌ ၈ ခန်းတွဲ တဲအိမ် ၈ လုံးရှိ၍ အခန်းပေါင်း ၆၄ ခန်း ရှိသည်။ အခန်းမှာ ၁၀ ပေ ပတ်လည်ခန့်သာ ရှိ၍ မိသားစုတစုကို ပျမ်းမျှ လူ ရ ဦးစီ နေထိုင်ရန် ကျဉ်းမြောင်း၍ အခက်အခဲကြံုနေရ ကြောင်း ဒုက္ခသည် ကျောင်းသားမိဘ တဦးက ပြောသည်။

“အခန်းက ကျဉ်းပြီး မိသားစုတွေကလည်း များတဲ့အပြင် အခန်းချင်း ကပ်နေတော့ ကလေးတွေ စာကျက်ရ တာ အဆင်မပြေဘူး။ ကျနော့်သမီးကတော့ ဒီနှစ် ကျောင်းမနေတော့ဘူး ပြောနေတယ်။ လူတွေကလည်း စရိုက် အမျိုးမျိုးနဲ့ ဆိုတော့ နေထိုင်ရ အရမ်းကျဉ်းကြပ်တယ်” ဟု ဆိုသည်။

ပြည်နယ်အစိုးရအနေဖြင့် နှစ်ဘက်ဒုက္ခသည်များအတွက် နေအိမ်များ ဆောက်လုပ်လျက်ရှိရာတွင် “နှစ်ဘက် ဒုက္ခသည်တွေအတွက် ကျနော်တို့ ဆောက်လုပ်နေပါတယ်။ စစ်တွေမှာတော့ ပြီးစီးတော့မှာပါ။ လက်ရှိ ဒုက္ခသည်တွေကို လာရောက် ထောက်ပံ့မှုတွေဟာ အရင်ကထက် လျော့နည်းကျဆင်းလာတယ်” ဟု ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေး ညွှန်ကြားရေးမှူး ဦးဝင်းမြိုင် က မှတ်ချက်ပြုသည်။

မုတ်သုန်ရာသီအတွင်း ဒုက္ခသည်အားလုံး ဘေးကင်းကောင်းမွန်စွာ ရပ်တည် နေထိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း ဦးဝင်းမြိုင် ကမဇ္စျိမကို ပြောကြားခဲ့သည်။