နိုင်ငံသားစီစစ်ရေးကဒ် မရှိသေး၍ KNU/KNLA PC စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲ

နိုင်ငံသားစီစစ်ရေးကဒ် မရှိသေး၍ KNU/KNLA PC စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲ
by -
မဇ္စျိမ

KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ)သည် အစိုးရက လုပ်ပိုင်ခွင့်ပေးမည်ဆိုပါကလေကြောင်းလိုင်း ပြေးဆွဲခြင်းနှင့် အခြေခံအဆောက်အအုံနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လိုသော်လည်း နိုင်ငံသား စီစစ်ရေး ကဒ်မရှိဟု KNU/ KNLA PC (ငြိမ်းချမ်းရေး ကောင်စီ)မှ အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တိုက်ဂါးက မဇ္ဈိမကိုပြောသည်။

 အထူးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက "ကျွန်တော်တို့အစီအစဉ်ရှိတယ်။ အခွင့်အရေးရှိပြီဆိုရင် ကျွန်တော်တို့ လေယာဉ်ပျံတွေ ဆွဲမယ်။ ယိုးဒယားနဲ့ ရန်ကုန်ပြေးဆွဲမယ်။ မဲဆောက်နဲ့ မော်လမြိုင်တို့ အခု ကျွန်တော့် တပည့်တွေ လုပ်ထားတာတွေ ရှိတယ်။ ယိုးဒယားမှာ။ ကျွန်တော်လည်းလုပ်ချင်တယ်။ ဒါပေမယ့် မှတ်ပုံတင် မရှိဘူး ”ဟု ပြောသည်။

KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ) အနေဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ဆန္ဒရှိသော်လည်း အစိုးရမှ လုပ်ပိုင်ခွင့်မပေးကြောင်း ၊ ထို့အပြင် ကုမ္ပဏီထောင်မည် ဆိုပါက နိုင်ငံသား စီစစ်ရေး ကတ်ပြား ရှိရန် လိုအပ်သော်လည်း လက်နက်ကိုင်အဖွဲ့များ အနေဖြင့် မရရှိသေးသောကြောင့် စီးပွားရေး လုပ်ကိုင်ရန် မလွယ်ကြောင်း ဗိုလ်မှူးတိုက်ဂါးကပြောသည်။

ဗိုလ်မှူးတိုက်ဂါးက "မှတ်ပုံတင်က အကိုသွားလုပ်တာ တစ်နှစ်ကျော်ရှိပြီ။ ကိုယ်တိုင်သွားလုပ်တာ မရသေး ဘူး။ပြောတော့ ဗိုလ်မှူးတိုက်ဂါး ဘာမှမပူနဲ့ ၃ရက်အတွင်းလုပ်ပေးမယ်ပြောတယ်။ ကျွန်တော်တို့စဉ်းစားတာ။ မှတ်ပုံတင်မရရင် ကရင်မှတ်ပုံတင်လုပ်မယ်။ ကရင်ပြည်နယ်မှာ ကရင်ဘယ်နှယောက်ရှိလဲ။ စာရင်းကောက် မယ်။ ကျွန်တော်တို့ကရင်မှတ်ပုံ ကျွန်တော်တို့လုပ်မယ်။" ဟု ဆိုသည်။

ထို့အပြင် KNU/KNLA PC အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံ အဆောက်အအုံ (Infranstructure)နှင့် ဆိုင်သော လမ်းဖောက် လုပ်ရေး၊ လျှပ်စစ်မီးကိစ္စများကို BOT (တည်ဆောက်၊ လုပ်ကိုင်၊ လွဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်လိုကြောင်း KNU/KNLA PC(ငြိမ်းချမ်းရေးကောင်စီ) ဗဟိုကော်မတီမှ ပြည်သူ့ဆက်ဆံရေးနဲ့ နိုင်ငံခြားရေးရာ အကြီးအကဲ ဒေါက်တာ သေမထီ လက်ခ်လန်က မဇ္ဈိမကိုပြောသည်။

KNU/KNLA PC (ငြိမ်းချမ်းရေးကောင်စီ)နှင့် ကရင်ပြည်နယ်ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက နေပြည်တော်တွင် ပဏာမသဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး အချက်ခုနှစ်ချက် သဘောတူညီ ခဲ့သည်။ ထိုသဘောတူညီချက်တွင် စီးပွားရေးနှင့် ပတ်သက်သော အချက် အနေဖြင့် ကုမ္ပဏီ၏စီးပွားရေး၊ ဆက်ဆံရေးရုံးများကို ဘားအံ၊ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊ မောတောင်၊ကော့သောင်း တို့တွင် ထားရှိရမည်ဟု ပါရှိသည်။  

ထိုကိစ္စနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းတို့အား မဇ္ဈိမက ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပေ။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးခင်ရီနှင့် Norwegian Refugee Council(NRC)တို့မှ ၂၀၁၂ခုနှစ်တွင် KNU ထိန်းချုပ်နယ်မြေထဲမှာရှိသော ပဲခူးတိုင်းကျောက်ကြီးမြို့၊ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့တစ်ဝိုက်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် မိုးပွင့်စီမံချက် အဖြစ် အသက်၁၀နှစ်အရွယ်မှစကာ နိုင်ငံသား စိစစ်ရေး ကတ်ပြားများ အခမဲ့ ဆောင်ရွက်ပေးခဲ့သည်။

Most read this week