တက္ကသိုလ်ဝင်တန်းအဆင့် အောင်ချက်မြင့်မားရေး ဆရာ/ဆရာမ မွမ်းမံသင်တန်းပြုလုပ်

တက္ကသိုလ်ဝင်တန်းအဆင့် အောင်ချက်မြင့်မားရေး ဆရာ/ဆရာမ မွမ်းမံသင်တန်းပြုလုပ်
by -
ကန္တာရဝတီတိုင်း(မ်)

တက္ကသိုလ်ဝင်တန်းအဆင့် အောင်ချက်မြင့်မားရေးအတွက် ကယားပြည်နယ် တပြည်နယ်လုံးရှိ အထက်တန်းပြ ကျောင်းဆရာ ဆရာမ များမွမ်းမံသင်တန်းကို လွိုင်ကော်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း မှာ ပြုလုပ်ပါတယ်။

တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေးနှင့် အထက်တန်းပြဆရာ ဆရာမများအား ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု ပိုမိုမြင့်မားလာစေရန် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကယားပြည်နယ် ပညာရေးညွန်ကြားရေးမှူးရုံးမှ လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ခင်ယုမေက ခုလိုပြောပါတယ်။

“ဘာကြောင့်လဲဆိုရင် ဒီကယားပြည်နယ် တပြည်နယ်လုံးမှာ နံပါတ် တစ်ကတော့ တက္ကသိုလ်ဝင် စာမေးပွဲအောင် ချက်မြင့်မားရေးပေါ့။ နောက်တချက်ကတော့ ကယားပြည်နယ် အထက်တန်းဆင့် မှာသင်ယူနေတဲ့ ကလေးတွေကို ဘာသာရပ်ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ သင်ကြားပေးနိုင်ဖို့အတွက် ဆရာဆရာမတွေကို ခေါ်ယူဆွေးနွေးတဲ့ သင်တန်းဖြစ်ပါတယ်”

သင်တန်းကို မေလ ၁၃ ရက်နေ့မှစပြီး ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

တချို့သော အထက်တန်းပြ ဆရာဆရာမများအနေဖြင့် B.Ed ဘွဲ့ရရှိပြီးသော်လည်း အထက်တန်းပြအဖြစ် သင်ကြားရာမှာ အတွေ့အကြံု မရှိသေးသည့်အတွက်ကြောင့် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအခက်အခဲ ရှိတတ်လို့ ယခုလို မွမ်းမံသင်တန်းများ ပို့ချပေးနေတာ ဖြစ်တယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ယခုပို့ချလျက်ရှိသော ပညာရေးမွမ်းမံသင်တန်းသို့ အထက်တန်းပြဆရာ၊ ဆရာမများ စုစုပေါင်း ၂၃၅ ဦး တက်ရောက် ပြီး ဘာသာရပ်အလိုက်  နည်းပြဆရာမ များကနေ သင်တန်းပို့ချပေးတာဖြစ်ပါတယ်။

“အခုပညာရေးစနစ်ကျတော့.. အရင် ကနဲ့တော့ နည်းနည်းပြောင်းလဲမှု ရှိလာပြီ။ ဘယ်လိုပြောရမလဲဆိုရင် ကိုယ်ပိုင်ခံယူချက်နဲ့ လုပ်ဆောင်ရတဲ့အပိုင်းမှာပဲ ရှိတယ်။ … ခုနကပြောတဲ့ ကိုယ်ပိုင်ခံယူချက်ဆိုတာက ဟို… ကလေးတယောက်ကို ဟိုးအရင်စနစ်လိုမျိုး အုပ်ထိန်းလို့မရတော့ဘူးပေါ့။ သဘောက ဟိုအရင်တုန်းကဆိုရင်  ဘယ်လိုသင်လဲဆိုရင် ကလေးကို… ဒါကျက်ရမယ်… ဒါကိုပဲသင်မယ် ဆိုတဲ့ပုံစံမျိုး အလွတ်ကျက်စနစ်ပေါ့။ ဒါပေမဲ့ အခုက ဒါမျိုးမဟုတ်တော့ဘူးလေ။ မဟုတ်တော့ဘူးဆိုတာက ကလေးကိုရှင်းပြမယ်။ ကလေးရဲ့… ဘယ်လိုပြောမလဲ… သူတို့ရဲ့အတွေးခေါ်ကို ပြန်ပြီးတော့ ပြောခိုင်းတာပေါ့နော။ သူတို့ရဲ့အတွေးအခေါ် သူတို့ရဲ့ခံယူချက်ပေါ့။ အဲလိုမျိုး။ ဆရာကလည်းတခါပြန်နားထောင် ကလေးကလည်းပြောမှာပေါ့ အပြန်အလှန်ဆွေးနွေးကြတဲ့သဘောပေါ့”

သင်တန်းတက်ရောက်လာသူ ကျောင်းဆရာ ကေကောရီယိုက လက်ရှိ ကယားပြည်နယ် ပညာရေးစနစ်ရဲ့ အပြောင်းအလဲ အပေါ်မှာ ခုလိုပြောသွားတာပါ။

လက်ရှိ ကယားပြည်နယ် တပြည်နယ်လုံးအတိုင်းအတာအရ ကျောင်းတကျောင်းတွင် ကျောင်းသားများအရေအတွက်နှင့် ရှိသင့်သည့် ကျောင်းဆရာ ဆရာမများအရေအတွက် အရ ကျောင်းဆရာ၊ ဆရာမများမှာ ပို၍ပင်ရှိနေသေးကြောင်း လက်ထောက်ညွန်ကြားရေးမှုး၏ အဆိုအရ သိရပါတယ်။

ဒါပေမဲ့ ကယားပြည်နယ်ရဲ့ တချို့အစွန်အဖျားကျေးရွာတွေမှာတော့ ကျောင်းဆရာဆရာမ မလုံလောက်မှုများကို တွေ့မြင်နေရမြဲ ရှိနေပါသေးတယ်။

Most read this week