ဘာသာရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရန် သမ္မတ နှစ်ဦး ဆွေးနွေးမည်

ဘာသာရေးနှင့် တိုင်းရင်းသား ပဋိပက္ခများ ဖြေရှင်းရန် သမ္မတ နှစ်ဦး ဆွေးနွေးမည်
by -
မဇ္စျိမ

သမ္မတ ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်အတွင်း ဒီမိုကရေစီအရေး၊ တိုင်းရင်းသားရေးရာနှင့် ဘာသာရေး ဆိုင်ရာ ကိစ္စရပ်များ အပါအဝင် အချက် လေးချက်ကို သမ္မတ အိုဘားမားနှင့်ဆွေးနွေးပြီး အမေရိကန်နိုင်ငံက ကူညီဖြေရှင်းနိုင်ရန် မျှော်လင့်သည်ဟု အိမ်ဖြူတော်မှ မေလ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

“မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားရေးဆိုင်ရာ တင်းမာမှုများ ဖြေရှင်းရေး၊ပြည်သူများအတွက် စီးပွားရေး အခွင့်အလမ်းများ ဆောင်ကြဉ်းရေး စသည့် ကျန်ရှိနေသော စိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးနိုင်ရန် အမေရိကန် ပြည်ထောင်စုအနေဖြင့် မည်သို့ကူညီနိုင်မည် ကို ညှိနှိုင်းရှာဖွေရန် မျှော်လင့်ထားသည်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာသမ္မတ၏ အိမ်ဖြူတော်ခရီးစဉ်သည် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကို ထောက်ခံမှုပေးရန်နှင့် အကူအညီပေးရန် လိုလားမှုကို အထင်အရှားပြသနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဦးသိန်းစိန်၏ အမေရိကန် ခရီးစဉ်နှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က အကောင်းမြင်လျက်ရှိပြီး အမေရိကန်၏ မြန်မာနိုင်ငံအပေါ် ကူညီနိုင်မှုကိုလည်း မျှော်လင့်လျက်ရှိသည်။

“အကျိုးသက်ရောက်မှုက အင်မတန် များပါတယ်။ ကျနော်တို့တိုင်းပြည်အတွက်ဆိုရင် အရေးယူ ပိတ်ဆို့မှုတွေ ကျန်ရှိနေသေးပေမယ့် ဒီမှာ ထိရောက်တဲ့ အကုူအညီတွေကို ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ် ရေးတွေမှာ ကျနော်တို့ဆီကို အမေရိကန်လို နိုင်ငံမျိုးက ဘယ်လောက် ကူညီနိုင်မလဲဆိုတာ ပြည်သူတွေက လက်တွေ့ကျကျ တုန့်ပြန်ထားတယ်” ဟု မဇ္စျိမကို ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ နာယက တဦးဖြစ်သူ ဦးဝင်းတင် ကလည်း ဦးသိန်းစိန် အနေဖြင့် အိုဘားမားနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ အရေးကိစ္စအားလုံးကို ပွင့်လင်းစွာ ဆွေးနွေးစေလိုကြောင်း ထောက်ပြ အကြံပြုသည်။

“အစိုးရက နေပြီးတော့ ဘယ်လောက်ပဲ ဖုံးဖိ၊ ဒါတွေက ရှေ့ဖုံးနောက်ဖိ ဖြစ်နေတယ်။ နိုင်ငံရေးမှာ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စ၊ တိုင်းရင်းသားအရေးလို ကိစ္စတွေဟာ ဒီနေ့ ဗမာပြည်မှာ အကြီးအကျယ်ဖြစ်ပေါ်နေ တဲ့ ပြဿနာတွေ ဖြစ်တယ်။ ဖုံးဖိထားလို့ မရဘူး။ ပြောသင့်သလောက် ပြောရလိမ့်မယ်” ဟု ဝါရင့်သတင်း စာဆရာကြီး ဦးဝင်းတင်ကဆိုသည်။

မြန်မာနှင့် အမေရိကန် သမ္မတ နှစ်ဦးတို့သည် ကမ္ဘောဒီးယားနိုင်ငံတွင် တကြိမ်၊ အင်ဒိုနီးရှား နိုင်ငံတွင် တကြိမ်၊ မြန်မာနိုင်ငံတွင် တကြိမ် စုစုပေါင်း သုံးကြိမ်တိုင် တွေ့ဆုံခဲ့ဖူးသည်။

မြန်မာနိုင်ငံသည် အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် ဆယ်စုနှစ်များစွာအတွင်း အကောင်းဆုံး ဆက်ဆံရေးကိုတည်ဆောက်နိုင် လာနေသော် လည်း အခြားတဖက်တွင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို သတိထား ကိုင်တွယ်သင့်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

တရုတ် သတင်းစာ China Daily ကလည်း မြန်မာနိုင်ငံသည် အနောက်အုပ်စုနှင့် ပူးပေါင်းနေ သော်လည်း တရုတ်နှင့် ထိပ်တိုက်တွေ့မည့် လုပ်ရပ်များကိုမူ ရှောင်ကြဉ်မည်ဟု ယူဆကြောင်း ရေးသားခဲ့သည်။