နွေရာသီ၌ စိုက်ပျိုးရေ၊ သုံးရေလုံလုံလောက်လောက် ရရှိရန်နှင့် လျှပ်စစ်ဓါတ်အားများ ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ရေကာတာ အရှင်များ တည်ဆောက် ရန်အကြိုလေ့ လာမှုများ ပြုလုပ်လျက် ရှိကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဌာန၊ရေလမ်းထိန်းသိမ်းရေး လုပ်ငန်းများ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။
၎င်းက “ (၁၆)နေရာကို ရေကာတာ အရှင်ဆောက်ဖို့ ဘယ်လ်ဂျီယံနိုင်ငံက SBE (Society for Biological Engineers ) ကုမ္ပဏီက အခုလေ့လာနေတယ်။ စုံစမ်းလို့ ရသမျှကို မကွေးနဲ့ စစ်ကိုင်း၊ မန္တလေးကြားမှာ လေးနေရာလောက် ရွေးထားတယ် ပြောတယ် ” ဟုဆိုသည်။
ရေကာတာ အရှင်များ တည်ဆောက်ရန် အကြိုလေ့လာမှုများကို အဆင့်သုံးဆင့်ခွဲကာ လေ့လာမည် ဖြစ်ပြီး ပထမအဆင့် လေ့လာခြင်းကို ယခုနှစ် မတ်လ ၁ရက်နေ့တွင် စတင်ခဲ့သည်။
ရေသွင်းရေထုတ် အရှင်ပြုလုပ်လို့ရသည့် ရေကာတာအရှင်များ တည်ဆောက်ခြင်းသည် ပတ်ဝန်းကျင် ပျက်စီးမှု နည်းပါးနိုင်ခြေ ရှိပြီး ရေအမြဲစီးနေ သဖြင့် လျှပ်စစ်ဓါတ်အား ရရှိနိုင်ကြောင်း၊ နှင့်မိုးရာသီအတွက် ပြန်လည်စဉ်းစားကာ နေရာများကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း ဒုတိယညွှန်ကြားရေးမှူးမှ မဇ္စျိမသို့ ရှင်းပြခဲ့သည်။
ရေကာတာ အရှင်များ တည်ဆောက်ရေးအတွက် မြစ်များတလျှောက် ရေကြောင်း ကြပ်တည်းသည့် နေရာများတွင် သောင်တူးဖော်ပေးခြင်း၊ ရေ လမ်းကြောင်း ကောင်းမွန်ရေးနှင့် ရေလမ်းသစ်များ ရှာဖွေ ဖောက်လုပ်ခြင်း များ ပြုလုပ်လျက်ရှိကြောင်း သောင်တူးဌာနခွဲမှ သတင်းရရှိသည်။
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် ရေကာတာ အရှင်များ တည်ဆောက်ရာ၌ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံ သူများ၏ ကူညီပူးပေါင်းမှု လိုအပ်လျက်ရှိကြောင်း ပို့ဆောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချူပ် ဦးအောင်ရဲထွန်းမှ မီဒီယာများသို့ Park Royal တွင် ကျင်းပခဲ့သော Myanmar Transport & Logistics Summit ပွဲတွင် ပြောခဲ့သည်။
လက်ရှိစုံစမ်းချက်များအရ ဧရာဝတီမြစ်တွင် ရေအနိမ့်အမြင့် ကွာခြားမှု နေရာ(၁၆)နေရာ ရှိကြောင်း ဦးအောင်ရဲထွန်းမှ ပြောသည်။
ဦးကိုကိုအောင်က ရေကာတာအရှင်များ ဆောက်လုပ်ရန်နှင့် ပတ်သတ်ပြီး “လွှတ်တော်ကလည်း အတည်ပြု တယ်ဆိုရင် ပြည်သူလူထုကလည်း လက်ခံတယ်ဆိုရင် လုပ်မှာပေါ့၊ မလုပ်သင့်ဘူး ဆိုပြီး လူထုကပြောရင် လုပ်ဖြစ်မှာ မဟုတ်တော့ဘူး ။ တကယ်တမ်းဆောက်ဖို့ကလည်း နှစ်နှစ်၊ သုံးနှစ်လောက် ကြာမယ်” ဟု ဆိုသည်။
ရေလမ်းကြောင်း ထိန်းသိမ်းမှုတွင် ရေရှည် ထိန်းသိမ်းမှုအတွက် ကုန်ကျမှု သက်သာရန်နှင့် မပြတ်ထိန်းသိမ်း ရန် မလိုအပ်သော စီမံကိန်းများ ဖြစ်ပေါ်ရန် စီစဉ်နေကြောင်း ရေလမ်းထိန်းသိမ်းရေး ဆိုင်ရာသုတေသနနှင့် စီမံကိန်းဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
၎င်းက“ တခါထိန်းသိမ်း ပြီးတာနဲ့ နှစ်အတော်ကြာအောင် ထိန်းသိမ်းဖို့ မလိုအပ်တဲ့ မြစ်ကြောင်းထိန်းသိမ်းမှု မျိုး လုပ်ဖို့ စီစဉ်နေတယ် ” ဟု ရှင်းပြသည်။
ထို့အပြင် မြစ်ကြောင်းတလျှောက် အနည်းဆုံး ရှိနိုင်မည့် ရေအနက် ခန့်မှန်းတွက်ချက်ခြင်းနှင့် ပြုပြင်ရ လွယ်သော မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းစီမံကိန်းများ သုတေသနပြု ရေးဆွဲရန်စီစဉ်နေကြောင်း ရေလမ်းထိန်းသိမ်းရေး ဆိုင်ရာသုတေသနနှင့် စီမံကိန်းဌာနမှ သတင်းရရှိသည်။
မြစ်ကွေ့များ ဖြတ်ဖောက်ခြင်း လုပ်ငန်းများတွင် အခက်အခဲများစွာ ကြံုနေရပြီး အချိန်မလောက်ကြောင်း သောင်တူးဌာနခွဲမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
၎င်းက “ တချို့နေရာတွေက စက်ဘယ်လိုမှ သွားမရအောင် ဖြစ်နေတာ ဒီလိုတွေ ဖြစ်နေတော့ လုပ်ငန်းက မတွင်ဘူး ” ဟု အခက်အခဲကို ရှင်းပြခဲ့သည်။
ရေလမ်းကြောင်း ကောင်းမွန်စေရန် ရေကြောင်းကျပ်တည်းမှုများကို ရှင်းလင်းရေးအတွက် အမေရိကန် ဒေါ်လာ (၁၀၉) သန်း ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဦးအောင်ရဲထွန်းမှ ဆိုသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက “ အသေးစား (၁၀) ခု ဆောက်လည်းပြဿနာ မရှိဘူး။ အကြီးဆောက်ဖို့ ကတော့ တော်တော်လေး ကို သေချာစစ်ဆေးပြီးမှ လုပ်ရမှာ EIA ၊ SIA တွေနဲ့ စနစ်တကျ လုပ်မှဖြစ်မှာ ပေ၅၀အတွင်းဆိုရင် ဘယ်နှစ်ဆောက်ဆောက် ရတယ် ” ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သတ်ပြီး အကြံပြုသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ သောင်တူးဌာနခွဲ၊ ရေဘက်ဆိုင်ရာ မြို့ပြအင်ဂျင်နီယာ ဌာနခွဲ တို့မှလည်း လက်ရှိအခြေအနေတွင် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်များသာမကကျန်မြစ်များအတွက် ပါရေလမ်းထိန်းသိမ်းရေး လုပ်ငန်းအထောက်အကူပြု အချက်အလက်များ စုဆောင်းလျက်ရှိသည်။
လက်ရှိတွင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရေကြောင်းကျပ်သော နေရာ ၄၆ နေရာနှင့် ချင်းတွင်းမြစ် ကြောင်း တစ်လျှောက် ရေကြောင်း ကျပ်သော နေရာ ၃၇ နေရာရှိသည်။
ဧရာဝတီမြစ်တွင် ရေတားတမံ အနိမ့်များ တည်ဆောက်ခြင်းဖြင့် ရေကြောင်းသွားလာမှု လွယ်ကူအဆင်ပြေ စေခြင်း၊ ရေအားလျှပ်စစ် ထုတ်ယူအသုံးပြုနိုင်ခြင်းနှင့် စိုက်ပျိုးရေး လုပ်ငန်းများ၌ စိုက်ပျိုးရေ ရရှိနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဟု ဦးအောင်ရဲထွန်းက ဆိုသည်။
ဧရာဝတီမြစ်တွင် ရေကာတာ အရှင်များ တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူခြင်း စီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှု ဆောင်ရွက်ရန် ပို့ဆောင်ရေး ၀န်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနနှင့် SBE (Society for Biological Engineers ) ကုမ္ပဏီတို့သည် သဘောတူ လက်မှတ် (MOU) ရေးထိုးခြင်း အခမ်းအနား ကို ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က နေပြည်တော်ရှိ အမရာ ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။