အလုပ်သမားဥပဒေ ထွက်ပေါ်လာခြင်းကြောင့် ယခုနှစ်အတွင်း အလုပ်သမားဆန္ဒပြမှု များ များစွာ လျော့နည်းသွားကြောင်း အလုပ်ရုံနှင့်အလုပ်သမား စစ်ဆေးရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် က ပြောသည်။
“ဥပဒေထွက်ပေါ်လာတဲ့ အတွက်ကြောင့် ဒီနှစ်မှာဆန္ဒပြမှုတွေ လျော့နည်းသွားတယ်။ ဥပဒေအရပဲ ဖြေရှင်း တာများတယ်။ ခါတိုင်းဒီအချိန်ဆို ပွဲဆူနေပြီ” ဟု ၎င်းက ဆိုသည်။
ယခင်နှစ် မေနှင့်ဇွန်လများတွင် လျှပ်စစ်မီး မရရှိသောကြောင့် အလုပ်ရှင်မှ အလုပ်သမား တချို့ လျှော့ချခြင်း နှင့် အလုပ်ရုံပိတ် သိမ်းခြင်း များ ပြုလုပ် ခဲ့၍ စက်ရုံ ၉၀ ကျော်မှ အလုပ်သမားများ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်။ ယခုနှစ်တွင်မူ အလုပ်သမားဥပဒေ ထွက်ပေါ် လာခြင်း ကြောင့် မေလ အထိ စက်ရုံ ၅ ရုံခန့်သာ ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း ဦးဝင်းရှိန် က ရှင်းပြသည်။
လက်ရှိအလုပ်သမား ဆန္ဒပြမှုအများစုမှာ လုပ်ခလစာလျော့နည်းခြင်းနှင့် အလုပ်ရှင်မှ အလုပ်သမား လျော့ချခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ ဧပြီလအတွင်း လျှပ်စစ်မီး မရရှိသောကြောင့် စက်ရုံတစ်ရုံ ပိတ်သိမ်း ခဲ့ရကြောင်း သိရသည်။
“တစ်ချို့စက်ရုံတွေက လူလျော့ဖို့ပြောနေကြတယ်။ တစ်ချို့လဲ ပိတ်ရလောက်ထိအောင် တင်ပြတာတွေလဲ ရှိတယ်။ ဒါကိုမပိတ်အောင်တော့ အလုပ်သမားဝန်ကြီးဌာန ကလဲ ထိန်းပြီး လုပ်နေတယ်။ မနှစ်ကဒီအချိန်မှာ သပိတ်မှောက်တယ်၊ ဒီနှစ်ကတော့ လျော့သွားတယ်” ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် က ပြောသည်။
အလုပ်သမားဆန္ဒပြမှုများသည် ဥပဒေပါအခွင့်အရေးများ မရရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ဥပဒေပါ အခွင့်အရေး များသည် အလုပ်သမားမှတောင်း ဆိုရန် မလိုအပ်ဘဲ အလုပ်ရှင်မှလိုက်နာရန်သာ လိုကြောင်း၊ အလုပ်သမား အရေးတော်ပုံ ဖြစ်စဉ်ကြီးသည် ဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူ ရှေ့နေ ဦးဌေး က ပြောသည်။
“အလုပ်သမားဆန္ဒပြမှု တွေကဒီနှစ်ထဲမှာ သိပ်မရှိတော့ဘူး၊အလုပ်သမားဥပဒေလဲ ထွက်ထားတော့ ဥပဒေ တိုင်းပဲဖြေရှင်းကြတာများတယ်။ ကျွန်မတို့ကတော့ ကိုယ်ရရမယ့် အခွင့်အရေးတွေကို အပြည့်အဝရချင် ပါတယ်။ ဆန္ဒပြတာတွေလဲ မလုပ်ချင်ပါဘူး” ဟုလှိုင်သာယာ စက်မှုဇုန်ရှိ စက်ရုံအလုပ်သမား တစ်ဦးကပြော သည်။