ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ် ငန်းကော်မတီ ဒု-ဥက္ကဌ ဦးသိန်းဇော်နှင့်အဖွဲ့၏ သျှမ်းပြည်အရှေ့ပိုင်း ခရီးစဉ်အတွင်း အစိုးရတပ်မတော်နှင့်တိုက်ပွဲဖြစ်ပွါးလျက်ရှိသော SSPP/SSA နှင့်လည်းဆွေးနွေးမှုများရှိခဲ့ကြောင်း ဒေသ တွင်း သတင်းရပ်ကွက်ကဆိုပါသည်။
သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော်၏ တာဝန်ရှိသူ ၁၁ ဦးနှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၁၁ ဦးတို့ တွေဆုံဆွေးနွေးခဲ့ကြရာ သဘောတူညီချက် ၄ ချက် ရရှိခဲ့ကြောင်း SSPP/SSA ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
မေလ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး SSPP/SSA ဘက်မှ ဗိုလ်မှူးချုပ် ခေးတိုင်း၊ဒုဗိုလ်မှူးကြီး ကျော်လှ၊ ဗိုလ်မှူး ခေးမောဝ် ၊ ဗိုလ်မှူး နော်လိတ်၊ ဗိုလ်မှူး စိုင်းရီ၊ ဗိုလ်ကြီး အောင်လတ်၊ဗိုလ် ကန့်မိန်း၊ အရာခံဗိုလ် စိုင်းပွင့် တို့ဦးဆောင်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း SSPP ကဆိုပါသည်။
ဆွေးနွေးပွဲအတွင်း နှစ်ဘက်သဘောတူညီချက် ၄ ချက်ရှိရာ-
၁- ယခင်ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ သဘောတူညီချက်များအား နှစ်ဘက်လုံး မှ အလေးအနက်ထား လိုက်နာဆောင်ရွက်မည်။
၂-တပ်မတော်နှင့် SSPP/SSA တပ်ဖွဲ့များ၏ တပ်ဖြန့်ခွဲမှု၊ တပ်လှုပ်ရှားမှုများနှင့် ပတ်သက်၍ တပ်ပိုင်းဆိုင်ရာ နှစ်ဘက်တာဝန်ရှိသူများမှ ငြိမ်းချမ်းစွာ အတူတကွညှိနှိုင်းဖြေရှင်းရန်။
၃-ပြည်သူလူထုအပေါ် ဥပဒေမဲ့လုပ်ရပ်များဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမှုများကိုရှောင်ရှားရန်။
၄-တဖက်နှင့်တဖက် သံသယဖြစ်ဖွယ်ရာ ကိစ္စရပ်များနှင့် ပြဿနာဖြစ်ဖွယ်ရာကိစ္စရပ်များ ပေါ်ပေါက်လာပါက နှစ်ဘက်ကိုယ်စားလှယ်များ အမြန်ဆုံးတွေ့ဆုံ၍ ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဖြေရှင်းရန်- စသည်တို့ဖြစ်ပါသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ ကို ဒုဥက္ကဌ ဦးသိန်းဇော်ဦးဆောင်၍ ပြည်ထောင်စု ဝန်ကြီး လျှပ်စစ်ဝန်ကြီးဌာနဝန်ကြီး ဦးခင်မောင်စိုး ၊ ကုန်သွယ် ရေးဌာနဝန်ကြီး ဦးဝင်းမြင့်၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့ပါဝင်သော အဖွဲ့ ၁၁ ဦးရှိကြောင်း သိရပါသည်။
၎င်းတို့သည် တန့်ယန်းမြို့သို့ မရောက်ခင် သျှမ်းပြည်အရှေ့ပိုင်းမိုင်းလား တပ်ဖွဲ့မှအကြီးအကဲများနှင့် ပန်ဆန်းမြို့မှ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် အရာရှိများအားမေလ ၉ ရက်နှင့် ၁၀ ရက်တို့တွင်တွေ့ဆုံဆွေးနွေး ခဲ့သည်။