သံယံဇာတများ မှန်ကန်စွာ အသုံးချရန် ရွှေဖြူတွင်းတူးဖော် စီမံကိန်းအား လွှတ်တော်တင်ပြမည်

သံယံဇာတများ မှန်ကန်စွာ အသုံးချရန် ရွှေဖြူတွင်းတူးဖော် စီမံကိန်းအား လွှတ်တော်တင်ပြမည်
by -
မဇ္စျိမ

စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နယ် ညောင်နီကန် ကျေးရွာအုပ်စုအတွင်း ရွှေဖြူတူးဖော်သည့် စီမံကိန်းကို အချက်အလက်များ စုဆောင်းကာ လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြင့်နိုင်က ပြောသည်။

၎င်းက “ စီမံကိန်းတခု လုပ်ရင်း ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ အခုလို ဘယ်သူမှ မသိနိုင်ဘူး ဖြစ်နေ တယ်။ ဒါကြောင့် လိုအပ်တဲ့ အထောက်အထားတွေ စုဆောင်းပြီး လွှတ်တော်မှာ ဆောင်ရွက်သွားမယ်” ဟု ဆိုသည်။

ထိုရွှေဖြူစီမံကိန်းသည် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စီမံကိန်း ချမှတ်ကာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ရွှေဖြူတူးဖော်မှုများ အတွက် စနစ်တကျဖြင့် အဆောက်အဦးများ ဆောက်လုပ် ထားခြင်းဖြစ် သည်။

လက်ရှိအချိန်တွင် ရွှေဖြူတူးဖော်သည့် စီမံကိန်းကို ပိတ်ထားကာ တရုတ်နိုင်ငံ ကုမ္ပဏီတခုနှင့် ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ထို့ကြောင့် တိုင်းပြည်တွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းများသည် ပွင့်လင်းမြင်သာ ရှိရန်လိုအပ်ပြီး ပြည်သူများ အသိပေးရန် လိုအပ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

၎င်းက “တိုင်းပြည် အကျိူးစီးပွား အတွက်ဆို မှန်မှန်ကန်ကန် ဆောင်ရွက်ရမယ်။ ပြည်သူတွေ အားလုံးကို အသိပေးရမယ်။ ပွင့်လင်းမြင်သာမှု မရှိရင်တော့ အမှန်တိုင်း စုံစမ်းဖော်ထုတ်ဖို့လိုတယ်” ဟု ဆိုသည်။              
ထိုရွှေဖြူတူးဖော်သည့် စီမံကိန်းအတွက် လိုအပ်သော အချက်အလက်များကို စုဆောင်းနေပြီး နိုင်ငံတော် မှ ခွင့်ပြုသော စီမံကိန်း ဟုတ်မဟုတ်ကို လွှတ်တော်တွင် တင်ပြဆွေးနွေးသွားမည် ဖြစ်ကာ စီမံကိန်းကို မည်သည့် ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့သည်ကို လွှတ်တော်တွင် အဓိကထား တင်ပြဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒေါက်တာမြင့်နိုင်ဆိုသည်။

ထိုရွှေဖြူတူးဖော်သည့် စီမံကိန်းသည် တရုတ်နိုင်ငံ ဝမ်ပေါင်ကုမ္ပဏီမှ နှစ်ခြောက်ဆယ် ဌားရမ်းပြီး အမေရိကန် ဒေါ်လာ သန်းပေါင်း ( ၉၉၀) မြှုပ်နှံထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ဝေလွင်က ပြီးခဲ့သည့် လွှတ်တော်တွင် ပြောကြားထားသည်။