သန်းခေါင်စာရင်းကောက်ယူမှု အစိုးရဘက်ဝှက်ဖဲ မရှိသင့်

သန်းခေါင်စာရင်းကောက်ယူမှု အစိုးရဘက်ဝှက်ဖဲ မရှိသင့်
by -
သျှမ်းသံတော်ဆင့်

လာမည့်နှစ် သန်းခေါင်စာရင်းကောက်ယူရာမှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လူထုက စိတ်ဝင် စားနေတဲ့အချက်ကတော့ ဗမာလူဦးရေ အရေအတွက်ဘယ်လောက်၊ တိုင်းရင်းသားဦးရေဘယ်လောက် ရှိတယ်ဆိုတဲ့အချက်ဘဲဖြစ်ပါတယ်။

ဘာလို့လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် လူဦးရေ အရေအတွက် အပေါ် တဖက်တ လမ်း မူတည် နေတာကြောင့်ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးချိန်ကစပြီး မြန်မာအစိုးရကနေ သန်းခေါင်စာရင်းကောက်ယူမှုတွေရှိခဲ့ဖူးပါတယ်။
လုပ်သားပြည်သူနေ့စဉ်သတင်းစာရဲ့ ဖော်ပြချက်အရ ၁၉၉၃ မှာ မြန်မာနိုင်ငံလူဦးရေ ၄၁.၂၀၄ သန်းရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ ဗမာလူဦးရေ  ၂၈.၂၅ သန်းရှိတယ်လို့ဆိုထားတဲ့အတွက်ကြောင့် တနိုင်ငံလုံး ၆၈.၅၆% ရှိနေတာကိုတွေ့ရပါတယ်။ ဒါကြောင့်   အဆိုပါစစ်တမ်း အရ ဗမာမဟုတ်သော တိုင်းရင်း သား လူဦးရေမှာ ၁၂.၉၅၄ သန်း  ၃၁.၄၄ %  ရှိနေတာတွေ့ရပါတယ်။

သို့သော် မြန်မာအစိုးရရဲ့  သန်းခေါင်စာရင်းကောက်ယူမှုဟာစနစ်တကျ မရှိတဲ့အတွက် ယုံကြည်လို့မရ ဘူးလို့ ပညာရှင်တွေကသုံးသပ်ပါတယ်။

၁၈၇၁ ကစပြီး မြန်မာနိုင်ငံ သန်းခေါင်စာရင်းကို ၁၀ နှစ်တကြိမ်  ကောက်ယူခဲ့ပါတယ်။ အဲဒီကောက် ယူ မှု တွေထဲကနေ လက်ခံနိုင်တဲ့စစ်တမ်းတခု  လွတ်လပ်ရေး မရခင်ကရှိခဲ့ပါတယ်။  ၁၉၃၁ နဲ့ ၁၉၄၁ မှာဖြစ်ပါတယ်။ အဲဒီတုန်းက စနစ်တကျ ကောက်ယူတာဖြစ်တဲ့အတွက်ကြောင့် လို့ဆိုပါတယ်။

ဒါပေမယ့် ၁၉၄၁ တုန်းက ကောက်ယူခဲ့တဲ့စာရင်းမှာ  အသေးစိတ်အချက်အလက်မရှိတော့ဘူးဖြစ်နေ တယ်။ ၁၉၄၂ မြန်မာနိုင်ငံကို ဂျပန်ဝင်တော့ မှတ်တမ်းနဲ့ စာရင်းအင်း အများစု ပျက်စီးပျောက် ဆုံးသွားပါတယ်။ ဆိုတော့ ၁၉၄၁ စာရင်းမှာ ဘယ်ခရိုင်မှာ ဘယ်လောက်ရှိတယ် ဘယ်ပြည်နယ်မှာ ဘယ်လောက်ရှိတယ်ဆိုတဲ့ စုစုပေါင်းစာရင်းဘဲရှိတယ်။

ဒီတော့ ၁၉၃၁ က စစ်တမ်းကိုဘဲ အားကိုးကြရပါတော့တယ်။ အဲဒီမှာ ပါတဲ့စာရင်းအရဆိုရင် တပြည် လုံး မှာ ၁၄,၆၄၇,၇၅၆ ရှိတယ်။  ဗမာက ၈,၅၉၆,၀၃၁ ( ၅၈.၆၈%) ရှိတယ်။ ဆိုတော့ ဗမာမဟုတ်တဲ့ လူက ၆,၀၅၁,၇၂၅  (၄၁.၃၂ % ) မျှရှိခဲ့တယ်။ အခုဆိုရင် ဗမာလူဦးရေက ရ၅ % ရှိတယ်လို့တောင် အချို့က ပြောနေတယ်။

၁၉၃၁ စာရင်းအရဆိုရင် ဝ နယ် လူဦးရေ မပါသေးဘူး။ ၁၉၄၁ တုန်းက ဝ ဒေသက လူဦးရေစာရင်း ၈၂,၆၁၄ ရှိတယ်။   ဒီအချက်အလက် တွေ ၁၉၄၄ ကထုတ်တဲ့ Burma Handbook ထဲမှာပါရှိပါတယ်။ ဗြိတိသျှအစိုးရ Dorman Smith ဆင်း မလားမြို့ကိုထွက်ပြေးခိုလှုံစဉ်က စုဆောင်းရေးသားထားတဲ့ စာအုပ်ပါ။

ဒီ ၁၉၃၁ ခုနှစ်စစ်တမ်းရလဒ်ဟာ  တိုင်းရင်းသားများကောင်စီ ENC က စာတမ်းတွေမှာပါဝင်တဲ့ ဗမာလူမျိုးက ၆၀% ရှိပြီး တိုင်းရင်းသားက ၄၀% ရှိနေ တယ်ဆိုဒါနဲ့ ကိုက်ညီနေတာကိုတွေ့ရပါတယ်။

ဆိုတော့ လာမယ့်နှစ်မှာ သန်းခေါင်စာရင်းကောက်ယူရင် ၁၉၃၁ အတိုင်း မဟုတ်ရင် လက်မခံဘူး လို့တော့ မဆိုသင့်ပါဘူး။

ဒါပေမယ့် တကယ်တမ်းစစ်တမ်းကောက်ယူချိန်ရောက်ရင်တော့ လျှို့ဝှက်မှုဆိုတာမရှိသင့်တော့ပါဘူး။ ကုလသမဂ္ဂ ကမကထပြုတဲ့ မြန်မာနိုင်ငံ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုကို ၂၀၁၄ ခုနှစ် ဧပြီလမှာ လုပ်ဖို့ စီစဉ်ထားပြီး ရလဒ် အသေးစိတ်ကို ၂၀၁၅ ခုနှစ်ထဲမှာ ထုတ်ပြန်မယ်လို့သိရပါတယ်။ ဒီအချိန်မှာ လူထုဘက်စိုးရိမ်စိတ်မရှိရလေအောင် သန်းခေါင်စာရင်းအမှန်ရဖို့ - ဘာဖြစ်လို့၊ ဘာအ တွက်၊ ဘယ်လိုပုံစံ၊ ဘယ်လိုမေးခွန်း တွေရှိမယ်ဆိုတာတွေကို လူထုကို ချပြရပါလိမ့်မယ်။ ပွင့်လင်းမြင်သာမှုရှိဖို့ အချိန်ရောက် နေပါပြီ။ အရင်လို လျှို့လျှို့ဝှက်ဝှက်လျှိုထားနေမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ထိခိုက်ပါလိမ့်မယ်။ အစိုးရဘက်က ဝှက်ဖဲ ရှိနေသေးသရွေ့ လူထုဘက်ကလဲ စာရင်းမှန်ကို ဘယ်ပေးရဲမလဲ- မဟုတ်လား။

သန်းခေါင်စာရင်းကောက်ယူမှု အစိုးရဘက်ဝှက်ဖဲ မရှိသင့်

Most read this week