လူငယ်မျိုးဆက်သစ် ပါလာဖို့ KNPP ကွန်ကရက် ကျင်းပမည်

လူငယ်မျိုးဆက်သစ် ပါလာဖို့ KNPP ကွန်ကရက် ကျင်းပမည်
by -
ကန္တာရဝတီတိုင်း(မ်)

လက်ရှိနိုင်ငံရေး အပြောင်းအလဲ ကာလမှာ လူငယ်မျိုးဆက်သစ်တွေ ပါလာနိုင်အောင် မေလ ၆ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကွန်ဂရက်ကို ကျင်းပမယ်လို့ ကျင်းပရေး ကော်မတီက ပြောပါတယ်။

"ပါတီ ကွန်ကရက်က လေးနှစ် တစ်ကြိမ် အမြဲတမ်းလုပ်တာကိုး။ အခြေခံ ဥပဒေအရ အဲလိုပဲ အမြဲတမ်း သွားတော့ အမြဲတမ်းခေါင်းဆောင်သစ်တွေ၊ လူငယ်တွေ၊ လူငယ်ခေါင်းဆောင်တွေ တက်လာဖို့ ကျနော်တို ့ကတော့ မျော်လင့်တာပဲလေ။ တကယ့်ခေါင်းဆောင်သစ်တွေ၊ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ၊ အင်နဲ့အားနဲ့ လုပ်ကိုင်နိုင်တဲ ့ကျနော်တို့ လူငယ်ခေါင်းဆောင်တွေ မျှော်မှန်းထားတာပဲ"လို့ ပါတီကွန်ကရက် ကျင်းပရေးကော်မီတီ ဥက္ကဌ ခူထဲဘူး ပြောပါတယ်။

ပါတီကွန်ကရက် ကျင်းပရေးကော်မီတီ ဥက္ကဌ ခူထဲဘူး (ဓါတ်ပုံ-ကေတီ)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ၁၂ ကြိမ်မြောက် ပါတီကွန်ကရက် အစည်းအဝေးကြီးကို မေလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကရင်နီတပ်မတော် ထိမ်းချုပ်နယ်မြေ ညာမိုတပ်စခန်းမှာ ကျင်းပပြုလုပ် သွားမှာ ဖြစ်ပါတယ်။
 
KNPP ဟာ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၂ ခုနှစ် မတ်လ ရ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး နှစ်ဦးနှစ်ဘက်အကြား ငြိမ်းချမ်းရေးခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်နေပါတယ်။
 
ထိုင်းမြန်မာနယ်စပ်နဲ့ ပြည်တွင်းမှာ KNPP ပါတီ ပါတီဝင် ၅၀၀ ဦးရှိပြီး အမေရိကန်၊ ဖင်လန်၊ စွိဇလန်၊ သြစတေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာတော့ ပါတီဝင်ပေါင်း ၃၆၃ ဦးရှိနေကြပေမဲ့ ယခုကျင်းပမဲ့ ကွန်ကရက် ကိုတော့ ဘယ်လောက်တက်ရောက်နိုင်မလဲ ဆိုတာကိုတော့ အတိအကျ မသိရှိရသေးပါဘူး။
 
၁၉၄၈ ခုနှစ်ကစပြီး ဖဆပလအစိုးရကို လက်နက်ကိုင်တဲ့ နည်းလမ်း နဲ့ တော်လှန်တိုက်ခိုက်ရာကနေ အမျိုးသား လွတ်မြောက်ရေး အတွက် နိုင်ငံရေးနည်းလမ်းအရရော တိုက်ပွဲဝင်ဖို့ လိုလာတဲ့အတွက် ၁၉၅၇ ခုနှစ်မှာ KNPP ကိုစတင် ထူထောင်ခဲ့ကြပါတယ်။ စတင်ထူထောင်ချိန်မှာတော့ ပါတီဥက္ကဌအဖြစ် ဥက္ကဌ ထောပလိုကို ရွှေးကောက် တင်မြောက်ခဲ့ကြပါတယ်။
 
ပါတီဥက္ကဌအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့သူကတော့ ၂၀၁၁ ခုနှစ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တဲ့ ဆရာကြီးထဲဘူးဖဲဖြစ်ပါတယ်။ ပါတီဥက္ကဌ ကွယ်လွန်ခဲ့တဲ့အတွက် လက်ရှိပါတီမှာ ဒု-ဥက္ကဌ ခွန်အေဘယ်ဒွိကနေ ပါတီကို ဦးဆောင်နေတာဖြစ်ပါတယ်။
 
"ဒီအပြောင်းအလဲ ကာလမှာ လူငယ့်အားလည်း အများကြီးလိုပါတယ်။ သူတို့ရဲ့ ပါ၀င်မှုအားကြောင့် ဒီ နိုင်ငံရေး ဆောင်ရွက် ချက်တွေက ပိုပြီးတော့ အောင်မြင်လိမ့်မယ်လို့ အဲလိုမျိုး မျှော်လင့်ပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေက ဒီလူငယ်တွေနဲ့  လူကြီးတွေ လုပ်ငန်း ဆက်စပ် ဆောင်ရွက်တဲ့ အချိန်မှာ စည်းစည်းလုံးလုံးနဲ့ ပိုပြီးတော့ လုပ်ကိုင်နိုင်ဖို့ ပိုပြီး ရေးကြီးပါတယ်"လို့ ခူထဲဘူးက ပြောပါတယ်။