ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် ကျောက်တန်းအနီး လယ်မြေဧက တချို့တွင် စပါး မစိုက်ရန် တားမြစ်ထားသော်လည်း သီလဝါအထူး စီးပွားရေးဇုံ အနီးလယ်မြေဧက ၈၀၀ကျော်ကို လယ်ပိုင်ရှင် များက စပါးစိုက်ပျိုးသွားမည် ဟုလယ်ပိုင်ရှင်အချို့ထံမှ သတင်းရရှိသည်။
တားမြစ်ခံ လယ်မြေပိုင်ရှင် ဦးကျော်စိုးက “ ကျွန်တော်တို့က လယ်ပဲ လုပ်ချင်တာ လျော်ကြေးတွေ ဘာတွေခေါင်းထဲ မထည့်ဘူး။ ကျွန်တော်တို့ လယ်သမားတွေက လယ်လုပ်မှ ထမင်းစားရမှာ လယ်မလုပ်ရင် ထမင်းမစားရဘူး။ အဲဒါကြောင့် လယ်ပဲလုပ်ချင်တယ် ” ဟု ဆိုသည်။
စပါးမစိုက်ပျိုးရန် တားမြစ်ခံ ထားရသော လယ်မြေဧကမှာ ၈၀၈ ဧကရှိပြီး သီလဝါ အထူး စီးပွားရေးဇုန်၏ တောင်ဘက်တွင် တည်ရှိကာ ပြီးခဲ့သည့် ဧပရယ် ၂၆ ရက်က နှုတ်မိန့်ဖြင့် စစ်တပ်မှ အငြိမ်းစားအရာရှိ တစ်ဦးက တားမြစ်ခဲ့သည်။
ယင်း လယ်မြေများမှာ လယ်သမားဦးရေ ၂၉ ဦးပိုင်ဆိုင်ပြီး ပါဝင်သော ရွာများမှာ ဘုရားကုန်း ၊ တရာကုန်း၊ အလွမ်းဆွတ် ၊ သီလဝါ ၊ ဖလန်း၊ ကုန်းတန်းကျေးရွာတို့ ဖြစ်ကြောင်း ဒေသခံ လယ်သမားများကပြော ကြားသည်။
ဒေသခံ လယ်သမားတဦးဖြစ်သူ ဦးအေးဌေးက “ သူတို့က ရူးလို့ ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့က ဘယ်တော့ မှ ဖယ်မှာမဟုတ်ဘူး။ တောင်သူ လယ်သမားတွေရဲ့ ရပိုင်ခွင့် မရသ၍ လုံးဝမဖယ်ပါဘူး ဒီနှစ်မိုးရာသီမှာ လယ်ထွန်ခွင့်မပေးတော့ဘူး၊ ထွန်ချင်ထွန် ခင်ဗျားတို့ စိုက်ပျိုးစရိတ်တွေ ရှုံးမှာဘဲလို့ ပြောတယ် ဒီလိုလုပ်တာ ဟာ ဥပဒေနဲ့ လုံးဝ မကိုက်ညီဘူး၊ ၂၀၁၂ လယ်ယာမြေ ဥပဒေနဲ့ လုံးဝကို မကိုက်တာပါ” ဟုသူ့အမြင် ကို ပြောသည်။
လက်ရှိ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အပါအဝင် လယ်မြေနှင့် အခြားမြေ သိမ်းဆည်းမှု စုံစမ်းစစ်ဆေး ရေးကော်မရှင် ၊ လယ်ယာ စိုက်ပျိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတို့ကို ယင်းလယ်ယာမြေများကို စိုက်ပျိုးခွင့် ရရှိရန်အတွက်တင်ပြထား သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ခြင်းမရှိကြောင်း ဒေသခံ လယ်သမား ဦးစန်းဝင်းက ဆိုသည်။
အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က “အဲဒီနေရာဒေသ တွေက နည်းနည်း ရှုပ်တယ်ဗျ ၊ ကျွန်တော်လည်း ကောင်းကောင်းမသိဘူး၊ အဲဒီတော့ တစ်ကယ့် အမှန်တစ် ကယ်တောင်သူကြီးတွေကို မနစ်နာသွားစေချင်ဘူး ၊ တစ်ခြား မရိုးမသား ဘေးကနေ လုပ်နေသူတွေ ပိုက်ဆံချမ်းသာတဲ့ ကုမ္ပဏီ ကြီးတွေက လျော််ကြေးတွေ ဘာတွေ ရပြီး တစ်ကယ့် လယ်သမားတွေ ဘာမှ မရလိုက်မှာကို စိုးရိမ်ပါတယ် ”ဟု ပြောကြားသည်။
သီလဝါ အထူးစီးပွားရေးဇုန်အနီးရှိ နေရာများ သိမ်းဆည်းခြင်းများကို ရန်ကုန်တိုင်းဒေသကြီးမှ ကိုင်တွယ် ဆောင်ရွတ်နေကြောင်း ၊ ယင်းသို့ သိမ်းဆည်းရာတွင် အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ပါဝင်သကဲ့သို့ အခြားစီမံကိန်းများ အတွက်လည်း တစ်ပြိုင်ထဲသိမ်းဆည်း နေသောကြောင့် လယ်မြေများနှင့် ပတ်သက်၍ ကွဲကွဲပြားပြား မသိရှိကြောင်း ဒုဝန်ကြီး ဦးဆက်အောင်က ရှင်းပြသည်။