ရွှေလီမြစ်ဝှမ်း၌ လူမျိုးရေးပြဿနာဖြစ်ပွားအောင် အစိုးရစစ်တပ်လုပ်ဆောင်နေဟု RCSS/SSA တပ်မှူးပြော

ရွှေလီမြစ်ဝှမ်း၌ လူမျိုးရေးပြဿနာဖြစ်ပွားအောင် အစိုးရစစ်တပ်လုပ်ဆောင်နေဟု RCSS/SSA တပ်မှူးပြော
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင်ရှိ ရွှေလီမြစ် တဘက်ကမ်းတွင် ဓါတ်ပုံလှည့် ရောင်းနေသော အရပ်သား လေးဦး အား RCSS/SSA မှ တိုက်ခိုက်ကာ ဖမ်းဆီးထားသည်ဟု စွပ်စွဲသည့် ကိစ္စမှာ လူမျိုးရေးပြဿနာ ဖြစ်ပွားလာအောင် အစိုးရတပ်ကလှုံ့ဆော်နေခြင်းဖြစ် ကြောင်း ဒေသ အတွင်းတပ်မှူးတဦးက ပြောပါသည်။

ရွှေလီမြစ်ဝှမ်း အခြေစိုက် RCSS/SSA ၏ အမှတ် ရ၀၁ စစ်ဒေသ ဌာနချုပ်

“ကျနော်တို့ကို ဒီနေရာက နေ ဖယ်ထုတ်ချင်နေတာလေ။  သာမာန်အရပ်သား ပစ္စည်းရောင်းစားတဲ့လူကို ကျနော် တို့က ဖမ်းထားတယ်လို့ သူတို့စွပ်စွဲတယ်။ ပြန်လွှတ်ပေးဖို့တောင်းလာတယ်။   ကျနော်တို့က မဖမ်းရတာ ဘယ်က လူနဲ့ပြန်ပေးရ မလဲ။ ဒီအချက်ကို ဘမ်းပြပြီးဒေသတွင်းက ဗမာလူမျိုးတွေ ကနေ အထင်လွဲအောင်၊ ကျနော်တို့ကို တပ်စခန်းကနေ ဖယ်ခွါအောင် လုပ်ဆောင်နေတာဖြစ်တယ်” - စစ်ဒေသမှူး က ပြောပါသည်။

ဧပြီလနှောင်းပိုင်းက အထင်ကရ ခေါင်းဆောင်များ၏ သမိုင်းဝင်ဓါတ်ပုံများ လှည့်လည်ရောင်းချသူ ဗမာအမျိုးသား ၄ ဦးအား သျှမ်းပြည်တပ်မတော် RCSS/SSA မှ တိုက်ခိုက်သဖြင့် တယောက်သေဆုံးပြီး ၃ ဦးအားဖမ်းဆီး ထား ကြောင်း၊ ထို့ အတွက် RCSS ၏ မူစယ် ကိုယ်စားလှယ်ရုံးမှ တဆင့် အစိုးရတပ်ထံပြန် အပ်ပေးရန်  ဗျူဟာမှူးက တောင်းဆိုကြောင်း၊ မေလ ၂ ရက်နေ့ အထိ  RCSS/SSA  က အဆိုပါဗမာ အမျိုးသား များ အား ပြန်အပ်ပေးခြင်း မရှိသောကြောင့် အစိုးရတပ်က အင်အား သုံးပြီး သျှမ်းတပ်၏ တင်းခါးတပ်စခန်းအား နေ့လည်ပိုင်းကဝင်ရောက် သိမ်းပိုက်ကြောင်း၊ အဆိုပါစခန်းကို ယနေ့ နံနက် ပိုင်းက စတင်ဖျက်ဆီးနေကြောင်း ဒေသအတွင်း သတင်း ရပ်ကွက်ကပြောပါသည်။

သီးခြားအတည်ပြုချက်မရသေးသည့်သတင်းအရ အဆိုပါ ဓါတ်ပုံရောင်းသည့် ဗမာအမျိုးသား ၄ ဦးသည် သာမာန် အရပ်သား ဟန်ဆောင် စစ်ထောက်လှမ်းရေးများဖြစ်သည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ကျနော်တို့ ရွှေလီဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအရမ်းများတယ်။ သူတို့လူပျောက်တဲ့အကြောင်း တော့ ကျနော်တို့ ကြားတယ်။ ဘယ်နေ့ ဘယ်ရက် တိတိကျကျလဲတော့မသိဘူး။ ကျနော်တို့ကို လူထုက မုန်းတီးအောင် အကွက်ဆင် ဖန်တီးလိုက်တာ လို့ဘဲယူဆတယ်။ မကြာခင်တုန်းကလဲ မိုင်းရှူးဘက် ဗမာလူမျိုး တွေကို တပ်မဟာ ၁ (ဝမ့်ဟိုင်း) အဖွဲ့က နှင်ထုတ်နေ တယ် လို့ ဝါဒဖြန့်တယ်။ အခုလဲ ဒီအတိုင်းဘဲ” - ဟု အထက်ပါ အရာရှိက ဆက် ပြောသည်။

အဆိုပါပြဿနာကြောင့် နမ့်ခမ်းမြို့ဘက်မှ ခလရ ၁၉၀ နှင့် ၄၅ တပ်ရင်းတို့က RCSS ၏ အမှတ် ရ၀၁ နယ်မြေ ဘက်သို့ အင်အား ထပ်ဖြည့်နေသည်ဟု နမ့်ခမ်းမြို့ခံများကပြောသည်။

သို့သော် RCSS ၏ အမှတ် ရ၀၁ စစ်ဒေသ ဌာနချုပ် နောင်မတာ အား အနောက်ကြော (တရုတ်ဘက်ခြမ်းမှ) မှ ဖေါက်တိုက် ရန် အရပ်သားဝတ်စုံဖြင့် အစိုးရတပ်ဖွဲ့ (အင်အား ၃၀၀ ကျော်) ရောက်ရှိနေသည်ဆိုသည့်တရုတ် နယ်စပ်နေ သျှမ်းအရာရှိ ဟောင်း တဦး၏ ပြောကြားချက်များကိုမူ သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြု ချက် မရသေးပေ။

အဆိုပါ ကိစ္စရပ်များကြောင့် သျှမ်းပြည်တပ်မတော်တာင်ပိုင်းတပ်ဖွဲ့အမည်ရ RCSS ၏ ရွှေလီမြစ်ဝှမ်းအခြေ စိုက် အမှတ် ရ၀၁ စစ် ဒေသ တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့အကြား ယခုလဆန်းပိုင်းမှ စ၍ စစ်ရေးတင်းမာ လာနေခြင်းဖြစ်သည်။ “ပြဿနာမဖြစ် အောင် ကျနော်တို့ အထူးရှောင်ရှားပြီးနေလာခဲ့တယ်။ ရှောင်လို့မရ တော့တဲ့အဆုံးတော့ ရေလာရေ မီးလာမီး ရင်ဆိုင်ခုခံ ရတော့မှာပေါ့ ” - ဟု တာဝန်ရှိ အရာရှိတဦးကလည်း ပြောပါသည်။