ကယား(ကရင်နီ)ပြည် ရှားတောမြို့နယ် ထျေးစိုးကူးကျေးရွာနဲ့ ဒေါလျားခူကျေးရွာအကြား လူသွားလမ်းဘေးတနေရာမှာ မြေမြုပ်မှိုင်းပေါက်ကွဲလို့ ခရီးသွားရွာသား လေးဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။
မေလ ၁ ရက်နေ့ ဒီးမော့ဆိုမြို့နယ်ဘက်မှ ရှားတောမြို့နယ်တွင်းရှိ ဆွေမျိုးများရှိရာသို့ အလည်အပါတ်သွားရန် ခြေလျှင်ခရီးဖြင့် လျှောက်လာကြတဲ့ ခရီးသွား ၉ ဦးဟာ သံလွင်မြစ်မကူးခင် ထျေးစိုးကူးနဲ့ ဒေါလျားခူကြား လမ်းဘေးတောတနေရာမှာ မနက်စာချက်ပြုတ်ရာကနေ မီးအပူရှိုန်ကြောင့် မြေမြုပ်မှိုင်း ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ညာဘက်နားထင်မှာ ဒါဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့ ရွာသားတဦးကိုတော့ လွိုင်ကော်ဆေးရုံကိုပို့လိုက်ရပြီး ဒါဏ်ရာမပြင်းထန်တဲ့ သူတွေကိုတော့ အနီးအနားရှိ ဆေးပေးခန်းတွေမှာ ကုသမှုတွေ ပြုလုပ်ပေးကြပါတယ်။
လက်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရတို့အကြား ငြိမ်းချမ်းရေးဖေါ်ဆောင်နေတဲ့ အတောအတွင်း ပြည်သူလူထုများ လွတ်လပ်စွာသွားလာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် နှစ်ဘက်တပ်များမှ ထောင်ထားကြတဲ့ မြေမြုပ်မှိုင်းများ ရှင်းလင်းနိုင်ရေးကိစ္စကို ပါ၀င်ထည့်သွင်းဆွေးနွေးဖို့ ကရင်နီလူမှုအသင်းအဖွဲ့များက တောင်းဆိုထားတဲ့ကြားက ယခုလိုမြေမြုပ်မှိုင်းကြောင့် ထိခိုက်ဒါဏ်ရာရမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။
"အခုလို့မှိုင်းပေါက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အစိုးရနဲ့ တရားဝင် ဆွေးနွေးထားပါတယ်၊ အဓိက ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ဆိုရင် နံပါတ်တစ် အနေနဲ့ ကရင်နီပြည်မှာရှိတဲ့ မှိုင်းတွေကိုအရင်ဖြုတ်ဖို့လိုတယ်၊ မိုင်းတွေကိုဖြုတ်ဖို့တွက် အစိုးရဖက်ရော KNPP ရော နောက် NGOs အဖွဲ့စည်းတွေရော အစီစဉ်တွေရှိတယ်၊ ဒါပေမဲ့ ဘယ်ချိန်မှာ ဖြုတ်မယ်ဆိုတာတော့ အသိအကျတော့ မသိရသေးဘူး။ ဘယ်လိုဘဲဖြစ်ဖြစ် ပထမအဆင့်အနေနဲ့ ဒီမိုင်းတွေကို ဖြုတ်ဖို့အစီအစဉ်တော့ ရှိပါတယ်"လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ပြည်ထဲရေးဌာန ပြောခွင့်ရ ခူးညေးရယ်က ပြောပါတယ်။
KNPP နဲ့ အစိုးရ တို့အကြား၂၀၁၂ ခုနှစ် မတ်လ ရ ရက်နေ့က အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီးနောက် ပထမဦးဆုံးအကြိမ် မြေမြုပ်မှိုင်းကြောင့် ရွာသားတွေ ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြတာဖြစ်ပါတယ်။
"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ လမ်းတွေကိုပိတ်မယ်ပြောလဲ လူတွေကသွားလာမှာဘဲ ဒါပေမဲ့ နည်းလမ်းတစ်ခုခု ရှာပြီးတော့မှ လူတွေသွားလာမူ နည်းနည်းလျှောကျအောင် ကျွန်တော်တို့ လုပ်ရမှာပေါ့နော် နောက်ပြီးပိတ်မယ်လို့ လည်းမပြောဘူး ဖွင့်မယ်လို့လဲ မပြောဘူး ဒါပေမဲ့ လိုအပ်ချက်အရတော့ ဒီလမ်းကို အသုံးပြုရမှာဖြစ်တယ်" လို့ ခူးညေးရယ်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ လွိုင်ကော်မြို့အမြောက်ဘက် နိုးကိုးအုပ်စုမှာ မြေမြုပ်မှိုင်းနှင်းမိတဲ့အတွက် နွားတကောင်ဒါဏ်ရာ ရှိခဲ့ပါတယ်။