ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဒေသမှာရှိတဲ့ ကရင်နီအမှတ် -၁ ဒုက္ခသည်စခန်းက စခန်းအပြင်ဘက် ထွက်ခွင့်မရှိကြတဲ့ လူငယ်မောင်မယ်လေးတွေအတွက် ယခုလိုနွေရာသီအားလပ်ရက်မှာ စိတ်ပြေလက်ပြောက် ထွက်ပေါက်လေးတွေ ရှိလာအောင်ရည်ရွယ်ပြီး ကယ်ဆယ်ရေးအဖွဲ့မှ စွမ်းရည်ပြိုင်ပွဲ လုပ်ရှားမှုတရပ် ပြုလုပ်ပေးပါတယ်။
"နွေရာသီကျောင်းပိတ်ရက်ရှည်တွေမှာ ကျောင်းသားများဟာဆိုရင် စိတ်ထွက်ပေါက်ရအောင်လို့ စခန်းပြင် ထွက် တာတို့ အခြားသောအရာလေးတွေကို လုပ်တတ်ကြတယ်။ တကယ်လို့ ကျမတို့က သူတို့လေးတွေ အတွက် လှုပ်ရှားမှုလေးတွေ လုပ်ပေးမယ်ဆိုရင် သူတို့အတွက် ကောင်းတဲ့ အရာလေးတွေဖြစ်မယ်လို့ ထင်ပါတယ်"
မယ်ဟောင်ဆောင်အခြေစိုက် ဒုက္ခသည်များအတွက် ကက်သလစ်အရေးအပေါ်ကယ်ဆယ်ရေး COERR အဖွဲ့မှ မန်နေဂျာ Bajawan Maung က ပြောပြသွားတာပါ။
ဒီလှုပ်ရှားမှုကို COERR နဲ့အတူ အမှတ် -၁ စခန်းလူငယ်အဖွဲ့ တို့့ပူးပေါင်းပြီး Karenni Got Talent Show ဆိုတဲ့ခေါင်းစဉ်နဲ့ ယခု ဧပြီလ ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်ပေးသွားတာ ဖြစ်ပါတယ်။
"စခန်းထဲမှာဆိုရင် လူငယ်တွေ အများကြီးရှိတယ်။ သူတို့မှာ စွမ်းရည်လေးတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့မှာရှိတဲ့ စွမ်းရည်လေးတွေကို စခန်းထဲကော စခန်းပြင်မှာပါ ထုတ်ပြနိုင်ဖို့အတွက်လှုပ်ရှားမှုတွေ မရှိဘူး ဒါကြောင့် ဒီပွဲလေးဟာ ဆိုရင် သူတို့လေးတွေရဲ့ စွမ်းရည်လေးတွေကို ထုတ်ပြဖို့အတွက် အလွန်ကောင်းပြီး အသုံးဝင်တဲ့ အခွင့်အရေးဖြစ်တယ်" လို့ မန်နေဂျာ Bajawan Maung က ပြောပါတယ်။
စခန်းအပြင်ထွက်ခွင့်မရှိတဲ့ လူငယ်တွေဟာ အရက်သေစာသောက်စားပြီး အချိန်ဖြုန်း နေတတ်ကြတဲ့အတွက် သူတို့လေးတွေပျော်ရွှင်အောင် အထောက်အကူပြုစေမယ့် လုပ်ရှားမှုလေးတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ Telent Show ဖြစ်မြောက်ရေး လူငယ်အဖွဲ့ခေါင်းဆောင် ဂျိမ်းကေဗရယ် က ပြောပါတယ်။
ကရင်နီစွမ်းရည်ပြပွဲ (Karenni Got Talent show) ကို ယခင်နှစ်ကလည်း တကြိမ်ပြုလုပ်ခဲ့ပြီး ဆုရခဲ့တဲ့လူငယ် အဖွဲ့တွေကို မယ်ဟောင်ဆောင်မြို့ ပါ်က ထင်ရှားတဲ့ နေရာဒေသတွေကို အာဏာပိုင်တွေက လှည့်လည်ပြ သခဲ့ကြပါတယ်။
ယခုနှစ်မှာဆိုရင် အရည်အချင်း အဆင့်ဆင့် စစ်ပြီး ပြိုင်ပွဲဝင်ကြရပါတယ်။ ယမန်နေ့က နောက်ဆုံးရက် ယှဉ်ပြိုင်ပွဲမှာ ဆိုရင် ကျောင်းသားလူငယ်အဖွဲ့ပေါင်း ၂၁ ဖွဲ့ ပါဝင်ယှဉ်ပြိုင်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်အဖွဲ့က ပထမ၊ ဒုတိယနဲ့ တတိယရသလဲဆိုတာကို ယနေ့ထိ မထုတ်ပြန်သေးပါဘူး။ ဒီလုပ်ရှားမှုကို ထိုင်းအာဏာပိုင်တွေနဲ့ NGO က အကြီးအကဲတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။