မလေးရှားရှိ မြန်မာသံရုံးရှေ့တွင် အတိုက်အခံများ ဆန္ဒပြ

မလေးရှားရှိ မြန်မာသံရုံးရှေ့တွင် အတိုက်အခံများ ဆန္ဒပြ
by -
ခွန်အောင်မြတ်
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်သည့် ကြေညာချက်အပေါ် ထောက်ခံသည့် အထိမ်းအမှတ်နှင့် ပြည်ထောင်စုနေ့အကြိုအနေဖြင့် ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား)က ဆန္ဒပြခဲ့ ...

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထုတ်ပြန်သည့် ကြေညာချက်အပေါ် ထောက်ခံသည့် အထိမ်းအမှတ်နှင့် ပြည်ထောင်စုနေ့အကြိုအနေဖြင့် ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ (မလေးရှား)က ဆန္ဒပြခဲ့သည်။

မလေးရှားသံရုံးရှေ့တွင် ဦးဆောင်ဆန္ဒပြခဲ့သည့် အဲန်အယ်လ်ဒီ အယ်လ်အေ(မလေးရှား) ဥက္ကဌ ကိုကျော်ကျော်က "အဓိကကတော့ အဖွဲ့ချုပ်အနေနဲ့ ကြေညာလိုက်တဲ့ ကြေညာချက် အနေနဲ့ ကျနော် တို့ရဲ့ သဘောထားက အချိန်အခါနဲ့ သင့်တော်တဲ့ ထုတ်ပြန် ကြေညာချက်လို့ ကျနော်တို့က မြင် တယ်ခင်ဗျား။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဒီချိန်ခါက ကျနော်တို့ မြန်မာ ပြည်သူပြည်သားတွေဟာ တိုင်းရင်းသားပြည်သူတွေ အားလုံး ဒုက္ခရောက်နေကြတဲ့ အချိန် ဆိုတော့ ဒီလိုမျိုး အဖွဲ့ချုပ်နေနဲ့ ကြေညာချက်ထုတ်ပြန်လိုက်တာဟာ ကျနော်တို့ နိုင်ငံတော် အတွက် အနာဂါတ် မြန်မာနိုင်ငံတော် အတွက် ကောင်းမွန်တဲ့ လက္ခဏာတရပ်လို့ ကျနော်တို့က မြင်တယ်ခင်ဗျား။" ဟု ပြောသည်။

အဲန်အယ်လ်ဒီ အယ်လ်အေ မလေးရှား၏ ထုတ်ပြန်ကြေညာချက်ကို သံရုံးသို့ပေးရာ တာဝန်ရှိသူများ လက်မခံပဲ သံရုံးတံခါး ပိတ်လိုက်သည်ဟု ကိုကျော်ကျော်က ပြောသည်။

"အဲဒါနဲ့ ကျနော်လည်း မလေးရှားအာဏာပိုင်ကို ကျနော်ပြောတယ်။ ပြောတော့ မလေးရှား အာဏာ ပိုင်က ပြောတယ် သူတို့ကို တယောက်ယောက်ထွက်ခဲ့ပေးပါပေါ့နော်။ ဒီကြေညာချက် ကို လက်ခံ ပေးပါလို့ လှမ်းပြောတယ်။ ပြောတဲ့အချိန်မှာ ကျနော်က ထပ်ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကြေညာချက်ကို လက်မခံပေးလို့ရှိရင် ကျနော်တို့က ပြန်ထွက်နိုင်မှာ မဟုတ်ဘူး။ လက်ခံပေးမှ သာလျှင် ကျနော်တို့ပြန်မှာဖြစ်တဲ့အတွက် အမြန်ဆုံး လာရောက် လက်ခံပေး ပါလို့ ပြောတဲ့အတွက် သူတို့ဘက်က ကိုမင်းအောင်လို့ဆိုတဲ့ ကားဒရိုင်ဘာတယောက် လာပြီး လက်ခံယူတယ်။" ဟု ကိုကျော်ကျော်က ဆက်ပြောသည်။

မနက်ဖြန် ကျရောက်မည့် ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ကိုကျော်ကျော်က "ကျနော်တို့ နိုင်ငံဟာ ၁၉၆၂ ခုနှစ်ကနေ စပြီး ဒီနေ့ဒီချိန်ထိပေါ့နော် ဒီအာဏာရှင်အဆက်ဆက်ကနေပြီး ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေအားလုံးကို သွေးခွဲအုပ်ချုပ်ခဲ့တာပေါ့နော်။ အဓိက ကတော့ ၁၉၄၇ ခုနှစ်မှာ တိုင်းရင်းသား အားလုံး စုံညီပါ၀င်တဲ့ ပင်လုံမြို့မှာ ချုပ်ဆိုတဲ့ ပြည်ထောင်စု ပင်လုံစာချုပ်ကို ပင်လုံစိတ်ဓာတ်ကို အာဏာရှင်စစ်အစိုးရက သွေးခွဲအုပ်ချုပ် ခဲ့တယ်။ သွေးခွဲ အုပ်ချုပ်မှသာလျှင် ကျနော်တို့ မြန်မာနိုင်ငံတော်ကြီးကို သူတို့က ရှေ့ဆက်ပြီး ကြီးစိုးနိုင်မှာ ဖြစ်တဲ့အတွက် ဒါကို တိုင်းရင်းသား ပြည်သူတွေ အားလုံးကနေပြီးတော့ လက်တွဲပြီးတော့ အာဏာရှင်စနစ်ကို ဖြိုချနိုင်မှသာလျှင် ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးဟာ ဥမကွဲ၊ သိုက်မပျက် စည်းလုံးညီညွှတ်စွာ နေထိုင် နိုင်လိမ့်မယ်ဆိုတဲ့ အတွက်ကြောင့် ဒီနေ့ ဒီချိန်ကနေစပြီး ကျနော်တို့ တိုင်းရင်းသား ပြည်သူတွေ အားလုံး စည်းလုံးညီညာစွာနဲ့ လက်တွဲ တိုက်ပွဲဝင်ကြပါလို့ " ဟု တိုက်တွန်းသွားသည်။

ဆန္ဒပြပွဲကို အင်အား ၄၀ ကျော် ယနေ့နံနက် ၁၀ နာရီခွဲမှ ၁၁ နာရီအထိ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက် မရှိ လွှတ်ပေးရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေးကို အကောင်အထည်ဖော်ရန်၊ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည် ဖော်ရန်၊ ၂၀၁၀ ရွေးကောက်ပွဲ အလိုမရှိ စသည့် ပို့စတာများ၊ တောင်းဆိုချက်များ ကိုင်ဆောင်ကာ ကြွေးကြော်တောင်းဆိုခဲ့သည်။

Most read this week